ထိုင်း နိုင်ငံရေး အခြေအနေ အလွန် တင်းမာနေ

  • 7 ဇန်နဝါရီ 2014
Image caption ထိုင်း အိမ်စောင့်အစိုးရကို ဆန္ဒပြကြသူများ

ထိုင်း အိမ်စောင့်အစိုးရ ယင့်လတ်ခ် ချင်နဝပ်ကို ဆန်ကျင်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ တောင်းဆို ဆန္ဒပြနေတဲ့ ခေါင်းဆောင် စူထေ့ပ် ထူယတ်ခ်စူဘမ်းက အခုလ ၁၃ ရက် နေ့မှာ ဘန်ကောက်မြို့က အဓိက လမ်းမကြီးတွေကို ပိတ်ဆို့ ဆန္ဒပြမယ်လို့ ကြေညာထားပါတယ်။ အစိုးရကလည်း အရေးပေါ် ကြေညာချက် ထုတ်ပြန်ဖို့ စဉ်းစားမှုတွေ ရှိနေပါတယ်။

လက်ရှိ ထိုင်းနိုင်ငံရေး တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်မှာ သြဇာအရှိဆုံးဖြစ်တဲ့ ထိုင်း ကြည်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုးချားက အစိုးရကို သတင်းထောက်တွေက တဆင့် သတိပေး ပြောကြားရာမှာ သွေးထွက်သံယိုဖြစ်အောင် ဘယ်သူပဲလုပ်လုပ် အစိုးရကသာ တာဝန်ယူရမှာဖြစ်ကြောင်း၊ စစ်တပ်အနေနဲ့ အခုလို ကြားနေပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ရပ်တည်တာဟာ အကောင်းဆုံးဖြစ်ကြောင်း ပြောသွားပါတယ်။

ဘန်ကောက်မြို့ထဲကို စစ်ပွဲသုံး တင့်ကားတွေ ယူလာတာဟာ လာမယ့် ၁၈ ရက်နေ့မှာ ကျရောက်မယ့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအတွက် ဖြစ်ပြီး အာဏာသိမ်းဖို့ အစီအစဉ် မရှိဘူးလို့ ကြည်းတပ် ဦးစီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်ကလည်း စစ်တပ်က အာဏာသိမ်းတာဟာ နိုင်ငံရေးထွက်ပေါက် မဟုတ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုသာ အကောင်းဆုံးဖြစ်ကြောင်း သတင်းထောက်တွေကို ဒီကနေ့ပဲ ပြောကြားခဲ့ပါတယ်။

ဘန်ကောက်မြို့က ဒီမိုကရေစီ ကျောက်တိုင်မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေတဲ့ သပိတ်စခန်းကို အမည်မသိ ဆိုင်ကယ်သမားက မနေ့ မနက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနီးအနားက မုန့်ဆိုင်ကို ပစ္စည်းပို့နေတဲ့ မြန်မာအလုပ်သမား ကိုထွန်းထွန်းဦးဆိုသူ လက်ပြင်ကို ထိမှန်သွားခဲ့ပါတယ်။

မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်နဲ့ နိုင်ငံသား ဌာနက ဦးထွန်းအေးတို့က လူနာကို သွားရောက် ကြည့်ရှုပြီး အလှူငွေတချို့ ပေးခဲ့ပါတယ်။

အခုလ ၁၃ ရက်နေ့မှာ ဘန်ကောက်မြို့က လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြမယ့်အထဲမှာ မြန်မာနိုင်ငံသားတွေ မပါဝင်ဖို့နဲ့ အဲ့ဒီနေရာတွေကို ရှောင်ရှားသွားလာဖို့ကို ဘန်ကောက် မြန်မာသံရုံးက သတိပေး နှိုးဆော်စာ ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ