အရိုးကွဲအောင် အေးတဲ့ အမေရိကန်

  • 7 ဇန်နဝါရီ 2014
US Cold
Image caption အမေရိကန် အအေးလွန်ကဲ အခြေအနေ ရင်ဆိုင်ရ

နှင်းမုန်တိုင်း ဒဏ်ကြောင့် ကနေဒါ နေရာ တော်တော် များများနဲ့ အမေ ရိကန် အရှေ့ မြောက်ပိုင်း တို့မှာ နှင်းတွေ ထူထူ ထပ်ထပ် ကျပြီး အအေး ဒဏ်ကို လွန်လွန် ကဲကဲ ခံစား နေကြ ရတာ ဖြစ်ပါတယ်။ နှင်းထုဟာ နေရာ တချို့မှာ ၂ ပေ အထိ ထူထပ် နေပါတယ်။

ဝင်ရိုးစွန်း နှင်းမုန်တိုင်း လို့ အများ သိကြတဲ့ အာတစ် လေထုကြီးဟာ အခု အခါ နိုင်ငံ အနောက် အလယ်ပိုင်း ကနေ အရှေ့ဘက် ကို ရွေ့လျား လာနေပြီး အမေရိကန် နိုင်ငံရဲ့ ၃ပုံ ၁ပုံ ကို ရိုက်ခတ် မှုတွေ ဖြစ်လိမ့်မယ်လို့ အမေရိကန် နိုင်ငံ ရာသီဥတု ဌာနက ပြောပါတယ်။

ရာသီဥတု ဆိုးလွန်းတာကြောင့် မနေ့က တနင်းလာနေ့မှာ လေယာဉ် အစီး ၃၇၀၀ ကို ပျံသန်းမယ့် အစီအစဉ်ဖျက်သိမ်းလိုက်ရပါတယ်။

ကျောင်းတွေကိုလည်း ပိတ်ထားရပြီး လူတွေကိုလည်း အိမ်ထဲက အိမ်ပြင် မထွက်ကြဖို့ သတိပေးထားပါတယ်။ အအေးလွန်ကဲလွန်းတဲ့ ဒဏ်ကြောင့် သေဆုံးရသူ ၁၆ ယောက်ရှိသွားပြီလို့လည်း ဆိုပါတယ်။

တချို့နေရာတွေမှာဆို အပူချိန်ဟာ သုညဒီဂရီအောက် ၃၇ စင်တီဂရိတ် အထိ ထိုးကျသွားခဲ့ပြီး ဖြစ်ပါတယ်။

နှင်းတောထဲမှာ အသားအရေတွေ အဝတ်မဖုံးပဲ ထားရင် ၅မိနစ်အတွင်း နှင်းကိုက်တဲ့ ဒဏ် ခံရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နယူဖောင်လန်းနဲ့ ကနေဒါတို့မှာ တနင်းဂနွေနှောင်းပိုင်းက မီးပျက်ပြီး အိမ်ပေါင်း ၅၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

နဂိုရ်က အအေးဒဏ်ခံစားနေရတဲ့ လူတွေဟာ မီးပျက်ပြီး အပူပေးစက်တွေ အလုပ်မလုပ် နိုင်တဲ့ အတွက် ပိုမိုဆိုးဝါးတဲ့ အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ကြရပါတယ်။

မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတချို့မှာ အပူချိန်ဟာ သုညအောက် ၅၁ ဒီဂရီ စင်တီဂရိတ်လောက်အထိ ဆိုးဆိုးဝါးဝါးကျဆင်းသွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။