ကလေးရောင်းစားတဲ့ သားဖွားဆရာဝန်မကို ဆိုင်းငံ့သေဒဏ်ချ

  • 15 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption သားဖွား အထူးကု ဆရာဝန်မ Zhang Shuxia

တရုတ်နိုင်ငံမှာ အမျိုးသမီး ဆရာဝန်တဦးကို မွေးကာစကလေးတွေ ခိုးယူပြီး လူကုန်ကူးမှုနဲ့ ဆိုင်းငံ့ သေဒဏ်ချမှတ်လိုက်ပါတယ်။

အမျိုးသမီး တယောက် ၊ ဆရာဝန်တယောက်က ဒီလောက် ရက်စက်တဲ့ ရာဇဝတ်မှုမျိုးကို ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတာ ဘီဘီစီ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို ကိုးကားပြီး တင်ပြပေးရမယ် ဆိုရင် ဂျန်ရှူရှားလို့ ခေါ်တဲ့ သားဖွား အထူးဆရာ၀န် တယောက် အကြောင်း အဓိကထား ပြောရမှာ ဖြစ်ပါတယ်။

သူက ကလေးမိဘတွေကို သူတို့ မွေးဖွားလာတဲ့ ကလေးမှာ ရောဂါကြီးတွေ ပါလာလို့ ဆေးကုသဖို့ သိပ် အကုန်အကျများနိုင်ကြောင်း၊ အသက်ရှင်ဖို့ ခက်ခဲကြောင်းပြောပြီး ကလေးကို နိုင်ငံတော်က စောင့်ရှောက်မွေးမြူမယ်လို့ တောင်းယူပြီး ကလေးတွေကို ပြန်ရောင်းစားခဲ့တာဖြစ်ပါတယ်။

သူအဲသလို လုပ်ခဲ့တာ နှစ်နှစ်နီးနီး ကာလအတွင်းမှာ ကလေး ၇ ယောက်ရှိပါပြီ။ သူဒီလိုလုပ်တာက ၆ ကြိမ်ရှိပါပြီ။

တကြိမ်က အမွှာပြူးကလေးဖြစ်တဲ့ အတွက် စုစုပေါင်း ကလေး ၇ ယောက်ဖြစ်ပါတယ်။

အခုတော့ မသင်္ကာတဲ့ မိဘတယောက်ကနေ ရဲကို တိုင်တော့ စုံစမ်းစစ်ဆေးရာကနေ ပေါ်လာတာ ဖြစ်ပါတယ်။

သူရောင်းစားခဲ့တဲ့ ကလေး ၇ ယောက်မှာ ၆ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

အဲဒီအထဲမှာ ၁၆၅ ဒေါ်လာနဲ့ ရောင်းစားခံခဲ့ရတဲ့ မိန်းကလေး တယောက်ကတော့ လမ်းဘေးမှာ စွန့်ပစ်ခံရပြီး သေဆုံးသွားတဲ့ အတွက် မကယ်နိုင်ခဲ့ပါဘူး။

တရုတ် နိုင်ငံမှာ အခု ဂျန်ရှူရှားကို ၂ နှစ်ဆိုင်းငံ့သေဒဏ်ပေးထားတာ ဖြစ်ပါတယ်။

များသောအားဖြင့် ဆိုင်းငံ့သေဒဏ်တွေဟာ နောက်ဆုံးမှာ ထောင်ဒဏ်တသက် အဖြစ်လျှော့ပေါ့ပေးလေ့ရှိပါတယ်။

ဒါပေမဲ့ ဂျန်ရှူရှားဟာ အယူခံဝင်မဝင် မသိရသေးဘဲ အခုဒီအမှုလိုမျိုး တခြား အမှု ၅၀ ကိုလည်း ရဲက ဆက်လက် စုံစမ်းနေပြီး အဲဒီအထဲက ၂၆ မှုဟာ ရှူရှား အမှုနဲ့ ဆက်စပ်နေပါတယ်။

နောက်ထပ် ဆေးရုံအရာရှိ ၄ ယောက်ကိုလည်း တရားစွဲဆိုထားပါတယ်။

တရုတ်နိုင်ငံမှာ ကလေး တယောက် ပေါ်လစီ အရ မိဘ အများစုဟာ ကလေး တယောက်ပဲ ယူခွင့်ရပါတယ်။

အဲဒီတော့ မိဘတွေဟာ သူတို့ကလေးဟာ ကျန်းကျန်းမာမာ ကလေးဖြစ်ချင်ကြပါတယ်။

ဒါ့အပြင် ကလေး တယောက်ပဲယူခွင့်ရပြီး ဆုံးရှုံးသွားတဲ့ မိဘတွေ ကလေးမရတဲ့ မိဘတွေကလည်း ကလေး လိုချင်နေကြတော့ ကလေးမှောင်ခို စျေးကွက်ပေါ်လာပြီး အခုလို အဖြစ်အပျက်မျိုးတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အခုတော့ တရုတ်ပြည်မှာ ကလေး တယောက်ပေါ်လစီကို လျှော့ပေါ့ပေးနေပါတယ်။ တကယ်လို့ မိဘ နှစ်ယောက်မှာ တယောက်ဟာ တဦးတည်းသော သားသမီး ဖြစ်ခဲ့ရင် အဲဒီမိဘတွေဟာ ကလေး ၂ ယောက်အထိ ယူခွင့် ရှိတယ်လို့ ဆိုပါတယ်။