အီရန် နျူကလီးယား အရေး ဆက်ဆွေးနွေး

  • 10 ဇန်နဝါရီ 2014
Image caption အီရန် နျူကလီးယား စက်ရုံ

အီရန် ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေမှာ ကောင်းကောင်း တိုးတက်မှု ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဥရောပ သမဂ္ဂက အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ချမှတ်ခဲ့တဲ့ ကြားဖြတ် သဘောတူညီချက် ထဲမှာ မပါဘဲ ကျန်ရှိနေသေးတဲ့ ကိစ္စတွေ အားလုံးကို ဖြေရှင်းဖို့ ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။

အရင် ချမှတ်နိုင်ခဲ့တဲ့ သဘောတူညီချက် အရ အီရန် က အနုမြူ ထုတ်လုပ်မှုတွေကို လျော့ချရမှာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေကို လျော့ပေါ့ပေးရမှာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ သဘောတူညီချက် မရခဲ့တဲ့ လက်ကျန် ကိစ္စတွေ အားလုံးအတွက် အဖြေရှာထားပြီးပြီလို့ အီရန်က ပြောပါတယ်။

ဒါပေမယ့် အမေရိကန် အစိုးရ ပြောခွင့်ရ အမျိုးသမီး ဂျန်ဆာကီး ကတော့ ဒီကိစ္စတွေက ဆက်လုပ်နေရမှာပါ ၊ အသေးစိတ် ဆွေးနွေးရမှာတွေ အများကြီး ရှိနေပါသေးတယ် ၊ သတင်းတွေ ထွက်နေသလို အားလုံး အပြီးသတ် သွားပြီ ဆိုတာ မမှန်ဘူးလို့ ဆိုသွားပါတယ်။

အီရန်ဟာ နျူကလီးယား လက်နက်ထုတ်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို အမြဲတမ်း ငြင်းပယ်ခဲ့ပြီး သူ့ရဲ့ နျူကလီးယား အစီအစဉ်ဟာ စစ်ရေး အတွက် မဟုတ်ဘဲ အရပ်ဖက် ကိစ္စတွေမှာ အသုံးပြုဖို့ ဖြစ်တယ်လို့ ဆိုနေပါတယ်။