တာလီဘန်ဗုံးကြောင့် ပါကစ္စတန် ရဲအရာရှိကြီးသေ

  • 10 ဇန်နဝါရီ 2014
Image caption ပါကစ္စတန်ရဲအရာရှိကြီး ချောင်ဒရီ အက်စလမ်

ပါကစ္စတန်နိုင်ငံမှာ တာလီဘန်တွေကို ဆန့်ကျင် လှုပ်ရှားနေသူလို့ လူသိများတဲ့ ပါကစ္စတန် အဆင့်မြင့် ရဲအရာရှိကြီးတဦး ကရာချိမြို့မှာ မနေ့က တာလီဘန်တွေရဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

သူကတော့ ကရာချိမြို့ ရဲတပ်ဖွဲ့က အကြမ်းမှုတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် Chaudhry Aslam ဖြစ်ပြီး သူစီနင်းလိုက်ပါလာတဲ့ ရဲယာဉ်တန်းကို ကရာချိမြို့က Essa Nagri အရပ်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သူနဲ့အတူ တခြား ၂ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

အခုတိုက်ခိုက်မှုကို ပါကစ္စတန် တာလီဘန်တွေက သူတို့ လုပ်ခဲ့တာလို့ ပြောပါတယ်။

သူဟာ တာလီဘန်အဖွဲ့ဝင်တွေကို သတ်ဖြတ် ညှင်းပမ်းနှိပ်စက် ဒဏ်ရာရအောင် လုပ်နေသူဖြစ်လို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ပါကစ္စတန် တာလီဘန်အဖွဲ့ ပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။

မစ္စတာ အက်စလမ်ဟာ ကရာချိမြို့က အန္တရာယ်အများဆုံး ရပ်ကွက်တွေမှာ စစ်သွေးကြွတွေကို စွန့်စွန့်စားစားဝင်ရောက်စီနင်းမှုတွေကို ဦးဆောင်ခဲ့သူဖြစ်ပြီး မကြာခဏ အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။

သူရဲ့ ကြိုးပမ်းမှုကြောင့် သံသယရှိတဲ့ ရာဇဝတ်ကောင်တွေ စစ်သွေးကြွတွေ အတော်များများ ဖမ်းဆီး ဒါမှမဟုတ် သတ်ဖြတ်ခံခဲ့ကြရပါတယ်။

ဒါပေမယ့် လူတိုင်းကတော့ သမရိုးကျမဟုတ်တဲ့ သူ့ရဲ့ လုပ်ပုံကိုင်ပုံကို ကြိုက်ကြတာမဟုတ်ပါဘူး၊ သြဇာအာဏာသုံးလွန်းတယ်၊ ဥပဒေကိုကျော်ပြီး လုပ်တယ်လို့ တချို့က မြင်ကြတယ်လို့ ကရာချိမှာရှိတဲ့ ဘီဘီစီ သတင်းထောက် ရှဇတ် ဂျီလာနီက ပြောပါတယ်။

သံသယရှိသူတွေကို မဖမ်းဘဲ သတ်ပစ်တယ်၊ အချုပ်ထဲမှာ သေဆုံးမှုတွေရှိတယ် ဆိုပြီး သူ့ကို စွပ်စွဲခဲ့ကြပါတယ်။

ဒီစွပ်စွဲချက်တွေကို သူက ငြင်းခဲ့ပါတယ်။ဘာဘဲပြောပြောသူဟာ တာလီဘန်တွေကို ဆန့်ကျင်တားဆီးဖို့ ကြိုးစားနေသူဖြစ်လို့ တာလီဘန်တွေက သူ့ကို သတ်ဖြတ် အကြိမ်ကြိမ် ကြိုးပမ်းနေခဲ့တာပါ၊

ဒီတခါမှာတော့ တာလီဘန်တွေ အောင်မြင်သွားခဲ့ပါပြီ။

သူသေဆုံးခဲ့တာဟာ ကရာချိမြို့က ရာဇဝတ်မှုနဲ့ စစ်ငသွေးကြွ အန္တရာယ် တားဆီးရေး အစိုးရရဲ့ ကြိုပမ်းမှုကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်တယ်လို့ အများက ယူဆကြကြောင်း ဘီဘီစီ သတင်းထောက် ရှဇတ် ဂျီလာနီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ