တောင်တရုတ်ပင်လယ်မှာ တရုတ်က ငါးဖမ်း ဥပဒေသစ် ပြဌာန်း

  • 11 ဇန်နဝါရီ 2014
Image caption တောင်တရုတ် ပင်လယ်ပြင်က အငြင်းပွားနေတဲ့ ရေပိုင်နက်

တောင်တရုတ်ပင်လယ်ပြင်မှာ အငြင်းပွားနေတဲ့ ဒေသအတွင်း ငါးဝင်ဖမ်းမယ်ဆိုရင် သူတို့ဆီခွင့်တောင်းရမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ သတ်မှတ်ချက် ဟာ ရန်စတဲ့အသွင်ကို ဆောင်ပြီး အန္တရာယ်ရှိနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင်ထဲမှာ အငြင်းပွားနေတဲ့ ဧရိယာကို တရုတ်ဖက်က ပစောက်ပုံ နယ်နိမိတ်မျဉ်းဆွဲပြီး သူတို့ရဲ့ ဟိုင်နန်ပြည်နယ်ထဲမှာ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီနေရာကို ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားစတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ကလည်း သူတို့နယ်မြေ အဖြစ် ပြောနေပါတယ်။

အခု တရုတ်တို့ရဲ့ သတ်မှတ်ချက်အရ တရုတ်အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်မတောင်းဘဲ ငါးဝင်ဖမ်းရင် ဒဏ်ငွေရိုက်လို့ရသလို သင်္ဘောမှာပါတဲ့ပစ္စည်း ကိရိယာတွေကိုလည်း သိမ်းလို့ရပါတယ်။

အရှေ့တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက လေကြောင်း ကာကွယ်ရေးဇုံ တခု သတ်မှတ်လိုက်တဲ့အတွက် အိမ်နီးချင်း ဂျပန်၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေနဲ့ တင်းမာမှုတွေ ဖြစ်နေတုန်းမှာဘဲ တောင်တရုတ် ပင်လယ်ပြင်မှာလည်း ဒီနယ်နိမိတ် သတ်မှတ်ချက်သစ်ကို လုပ်လိုက်တာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ ရန်စတာဖြစ်ပြီး အန္တရာယ်လည်းရှိနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Jen Psaki က ပြောလိုက်ပြီး တရုတ် နိုင်ငံအနေနဲ့ ခုလိုတဖက်သတ် ဆောင်ရွက်တာတွေကို ရှောင်ရှားသင့်တယ်လို့လည်း ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံကလည်း သူတို့အနေနဲ့ အထူးစိုးရိမ်ကြောင်းနဲ့ ဒီလုပ်ရပ်ကြောင့် ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်မှုဖြစ်စေပြီး တင်းမာမှုတွေလည်း တိုးစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဗီယက်နမ်နိုင်ငံကတော့ ဒီသတ်မှတ်ချက်ဟာ အခြေအမြစ်မရှိသလို တရားလည်းမဝင်ဘူးလို့ ဆိုပြီး ပယ်ချပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ ဒါဟာ ငါးသယံဇာတ ထိမ်းသိမ်းရေးကို ပိုအားကောင်းအောင် လုပ်တာသာဖြစ်ပြီး လုံးဝသမာရိုးကျ လုပ်နည်းတခုသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ