သီရိလင်္ကာ ခရစ်ယာန်တွေ တိုက်ခိုက်ခံရ

  • 12 ဇန်နဝါရီ 2014
lanka christian
Image caption ဘုရားကျောင်းထဲက ပစ္စည်းတွေကို ရိုက်ချိုး

သီရိလင်္ကာ နိုင်ငံမှာ အစွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းကြီး တွေက ခရစ်ယာန် ဘုရားကျောင်း တွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတောင်ပိုင်း ဟစ်ကာဒူဝါမြို့မှာ ရှိတဲ့ ခရစ်ယာန် ဘုရားကျောင်း နှစ်ခုမှာ တနင်္ဂနွေနေ့ ဝတ်ပြု စည်းဝေးပွဲတွေ လုပ်နေတုန်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ အပါး ၂ဝ လောက် ဦးဆောင်တဲ့ လူ၂ဝဝ လောက်က ဝင်တိုက်ခိုက် ခဲ့ကြတာလို့ အဲဒီ ဘုရားကျောင်း တွေက သင်းအုပ် ဆရာတွေက ဘီဘီစီကို ပြန်ပြောပါတယ်။

ဘုရားကျောင်း ထဲက ပစ္စည်းတွေကို ရိုက်ချိုး၊ ပြတင်းပေါက် ဘောင်တွေ တံခါးဘောင်တွေနဲ့ ဂစ်တာ၊ စန္ဒယားတွေကို မီးရှို့ ဖျက်ဆီး ခဲ့ကြတယ်လို့ ပြောပါတယ်။

တချို့က အနီးကပ်ရက် မီးရထားလမ်းပေါ်က ကျောက်ခဲတွေနဲ့ ပစ်ပေါက် ခဲ့တဲ့အတွက် ဘုရားဝတ်ပြု နေသူတွေ ကိုယ်လွတ်ရုန်း ထွက်ပြေး ခဲ့ကြရတယ်လို့ ဆိုပါတယ်။

Assembly of God ခရစ်ယာန် အသင်းတော် သင်းအုပ်ဆရာ ချင်သာကာ ပရာဆဲန်နာက သူ့ကို ဘုန်းကြီး တပါးက အသေ သတ်ပစ်မယ် ဆိုပြီး ဆဲဆို အော်ဟစ်တာ ကို ခံခဲ့ရတယ်လို့ ပြန်ပြောပြ ပါတယ်။

ဘုရားကျောင်းတွေ အခုလို တိုက်ခိုက် ခံရနိုင်ဘွယ် ရှိတယ်လို့ မနေ့ညက ရဲက သူတို့ကို သတိပေးခဲ့ပြီး အခင်းဖြစ်ရာ နေရာ ကိုလည်း ရဲတွေ ရောက်လာခဲ့ ပေမယ့် ဘုန်းကြီးတွေကို တားဆီးဖို့ လိုလိုလားလား ရှိပုံ မတွေ့ခဲ့ရဘူး လို့ သင်းအုပ်ဆရာ ပရာဆဲန်နာက ပြောပါတယ်။

အခုလို ရဲတွေဘက်က အရေးယူဖို့ ပျက်ကွက်ခဲ့ တာဟာကို လူအုပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား မမျှတဲ့အတွက် ဖြစ်တယ် လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အာဂျစ် ရိုဟာနာ က ဝန်ခံ ပြောသွားပါတယ်။

ဒါပေမယ့်လည်း ဗီဒီယို အထောက်အထား တွေကို ပြန်စစ်ဆေး ကြည့်ရှုပြီး ဥပဒေ ချိုးဖောက်သူ တွေကို အရေးယူမယ် လို့ ပြောပါတယ်။

သီရိလင်္ကာမှာ သီဟိုဠ် ဗုဒ္ဓဘာသာဝင်တွေရဲ့ အမျိုးသားရေး စိတ်တွေ မြင့်တက် နေတာမို့ ဘုရားကျောင်း တွေကို ပစ်မှတ်ထား တိုက်ခိုက် လာနိုင်စရာ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ