အီရန်နျူးကလီးယား အစီအစဉ် သဘောတူညီချက်ရရှိ

  • 13 ဇန်နဝါရီ 2014
အီရန်နျူးကလီးယား ညှိနှိုင်းအစည်းအဝေး
Image caption အီရန်နျူးကလီးယား ညှိနှိုင်းအစည်းအဝေး

အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်ကို ရပ်ဆိုင်းထားမယ့် ယာယီ သဘော တူညီချက်ဟာ လာမည့် ဇန္ဇဝါရီ၂၀ရက်မှာ စတင် အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

အခုသဘောတူညီချက်ကို အကောင်အထည်ဖေါ်ဖို့ အိုင်အေအီးအေ ကုလသမဂ္ဂ နျူးကလီးယား အေဂျင်စီထံ အတည်ပြုပေးရေးအတွက် အင်အားကြီးနိုင်ငံတွေက တောင်းခံမယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒအကြီးအကဲက ပြောပါတယ်။

ဒီသဘောတူညီချက်အရဆိုရင် အီရန်က ယူရေနီယံကို ၅ရာနှုန်းအထက်ပိုသန့်စင်အောင်လုပ်မှု ရပ်ဆိုင်းလိုက်ပြီး ၂၀ရာနှုန်းအထိ သန့်စင်ထားတဲ့ယူရေနီယံ တွေကို စတင် ဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် ကမ္ဘာ့နိုင်ငံကြီးတွေက အီရန်နိုင်ငံကနေ ရွှေနဲ့အဖိုးတန် သတ္တုရောင်းဝယ်ရေး မော်တော်ကားလုပ်ငန်းနဲ့ ရေနံထွက်ပစ္စည်း တင်ပို့မှု ပိတ်ပင်ထားတာအချို့ကို ရုပ်သိမ်းပေးမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ သန့်စင်ပြီး ယူရေနီယံအားလုံး၆လအတွင်း ဖျက်သိမ်းနိုင်မှာ ဖြစ်သလို အာရက် ဓါတ်ပေါင်းဖိုကိုလည်း တလတကြိမ် စစ်ဆေးခွင့် ရတော့မှာဖြစ်တယ်လို့ အမေရိကန် အကြီးတန်း အရာရှိက ဘီဘီစီကိုပြောပါတယ်။

အီရန်ရဲ့ အကြီးတန်း နျူကလီးယား ညှိနှိုင်းမှူးကတော့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက် အီရန်က ရပ်ဆိုင်းမှာ မဟုတ်ဘဲ ပစ္စည်းကရိယာ ထပ်မထုတ်တော့ဘူး လို့ဆိုပါတယ်။ အီရန်က ရေနံရောင်းရငွေ ဒေါ်လာသန်းပေါင်း ၄၂၀၀ကို ၆လအတွင်း ၈ကြိမ်ခွဲပြီး ပြန်ပေးဖို့ နိုင်ငံတကာ ညှိနှိုင်းရေးမှူးတွေက သဘောတူတယ်လို့သူက ဆက်ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကတော့ အခုသဘောတူညီချက်က အရေးကြီးပေမယ့် အီရန်ရဲ့ နျူးကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းရေးအတွက်ဖြစ်တယ်ဆိုတာ အာမခံမယ့် ရှေ့ဆက်ညှိရမယ့် စိန်ခေါ်မှုက ပိုအရေးကြီးတယ်လို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ