ဖိလိပိုင်ကလေးတွေ အင်တာနက် လိင်ဖျော်ဖြေမှုမှာ အသုံးချခံရ

  • 16 ဇန်နဝါရီ 2014
Image caption ကလေးတွေကို အင်တာနက် လိင်ဖျော်ဖြေရေး လုပ်ခိုင်းတဲ့နေရာ

ဗြိတိန်နိုင်ငံက Paedophiles လို့ ခေါ်တဲ့ ကလေးသူငယ်တွေအပေါ် လိင်ကိစ္စနဲ့ စိတ်ဝင်စားတဲ့ လူတွေဟာ ဖိလိပိုင်နိုင်ငံက ကလေးတွေ လိင်ပိုင်းမဖွယ်မရာ ပြုမူ ဖျော်ဖြေကြတာကို အခကြေးငွေပေးပြီး ကွန်ပြူတာအင်တာနက်ကနေ ကြည့်ရှုနေကြတယ်လို့ ဗြိတိန်နိုင်ငံ စုံစမ်းစစ်ဆေးမှုတခုက ဖေါ်ထုတ်ဖွင့်ချလိုက်ပါတယ်။

အမှုတခုမှာဆိုရင် မိသားစုတခုထဲက ကလေး၅ ဦးကို လိင်ပိုင်းဆိုင်မဖွယ်မရာ ပြုမူဖို့ ဗြိတိသျှအမျိုးသားတဦးက စည်းရုံးလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို လိင်ပိုင်းဆိုင်ရာ စီးပွားရေး လုပ်ငန်းမှာ သားကောင်ဖြစ်ခံနေရတဲ့ ကလေးသူငယ်ပေါင်း သောင်းနဲ့ချီ ရှိနိုင်တယ်လို့ စေတနာဝန်ထမ်းကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ဖိလိပိုင်မှာ ကလေးတွေကို ဒီလို လိင်ပိုင်း မဖွယ်မရာပြုမူပြီး ကွန်ပြူတာအင်တာနက်ကနေ တဆင့် အခကြေးငွေယူ ဖြန့်ချီနေတဲ့ Cybersex လုပ်ငန်းကို အဓိက လုပ်ကိုင်နေတဲ့ နေရာကတော့ ဖိလိပိုင်တောင်ပိုင်း Cebu City မြို့အနီးက Ibabao အစ်ဘာဘာဆိုတဲ့ ဆင်ခြေဖုံးနေရာဘဲ ဖြစ်ပါတယ်။

လောလောဆယ် လေ့လာမှုတွေအရ ဒီဆင်ခြေဖုံးရပ်ကွက်မှာ ကလေးတွေကို လိင်ပိုင်း မဖွယ်မရာ ပြုမူတဲ့ ဆိုင်ဘာဆက်စ် ရာဇဝတ်မှု ကျူးလွန်နေကြတဲ့ အိမ်ပေါင်း ၈၀ ဝန်းကျင်ရှိတယ်လို့ သိရကြောင်း အဲဒီနေရာကို သွားရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပြပတယ်။

ကလေးတွေကို လိင်ပိုင်း မဖွယ်မရာ ပြုမူတာကို ဗွီဒီယိုရိုက်ပြီး အင်တာနက်ကနေတဆင့် နိုင်ငံခြားသားတွေကို ပြသနေတယ်ဆိုတဲ့ အိမ်တအိမ်ကို သွားရောက်ခဲ့ရာမှာ လူသူကင်းမဲ့နေတဲ့ အခန်းကိုသာတွေ့ခဲ့ရပါတယ်။

ဒီအိမ်က မိသားစုက သူတို့ရဲ့ကလေးတွေကို အသုံးချပြီး ဆိုင်ဘာဆက်စ် လုပ်ငန်းကို လုပ်ကိုင်ပါတယ်၊ တခြား အဖေအမေတွေကလည်း သူတို့ရဲ့ ကလေးတွေကို ခေါ်လာပြီး ဒီလို လုပ်ခိုင်းကြပါတယ်။ ဒီအတွက် ပိုက်ဆံရကြပါတယ်လို့ ဖိလိပိုင်ရဲက ပြောပြပါတယ်။

ဒီလိုလုပ်ကိုင်နေကြတာကို ပတ်ဝန်းကျင်က သိပေမယ့် ဘာမှ မပြောကြပါဘူး၊

ဒီတော့ မိဘတွေကိုယ်တိုင်က ကိုယ့်ခလေးတွေကို လိင်ပိုင်း မဖွယ်မရာ ပြုမူခိုင်းပြီး အများကို ပြသနေတာ ဘာကြောင့်လဲလို့ ဖိလိပိုင်ရဲကို မေးကြည့်ရာမှာ ငွေကြောင့်ဗျ ဒီလုပ်ငန်းက ငွေရလွယ်တာကိုးလို့ ပြန်ဖြေခဲ့ပါတယ်။

ကလေးတွေကို ဥပဒေနဲ့ အကာအကွယ်ပေးနိုင်ရေး ကူညီဆောင်ရွက်နေသူတဦးကတော့ ငွေရလွယ်တာအပြင် လူတွေရဲ့ ကျင့်ဝတ်သိက္ခာပိုင်း ချို့ယွင်းလာတာကြောင့် ဒီလုပ်ငန်းဟာ အိမ်တွင်း စီးပွားရေးလုပ်ငန်းလို ဖြစ်လာနေပြီလို့ပြောပါတယ်။

ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေက မိသားစုတွေကို လက်တော့တွေ ကွန်ပြူတာတွေ ငှား ပေး၊ အင်တာနက် ကွန်နက်ရှင် ရအောင် လုပ်ပေးတာမျိုးတွေ လုပ်နေတာကြောင့် မိသားစုတွေ ဒီ ဆိုင်ဘာ ဆက် လုပ်ငန်းကို လုပ်ဖို့ လွယ်နေတာ ဖြစ်တယ်လို့ပြောပါတယ်။

အခုတော့ ဒီလို လိင်ပိုင်းဆိုင်ရာ ဆိုင်ဘာဆက် ရာဇဝတ်မှုကို ဖေါ်ထုတ်အရေးယူဖို့ ဗြိတိသျှရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ဟာ အမေရိကန် သြစတြေးလျ ဖိလိပိုင်ရဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။