ထိုင်း ဆန္ဒပြ လူအုပ်ထဲ ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်

  • 17 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption အနည်းဆုံး ၃၆ ယောက် ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင် ရေး ဆန္ဒပြ သူတွေကို လက်လုပ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့လို့ အနည်းဆုံး လူ ၃၆ ဦး လောက် ဒဏ်ရာ ရရှိသွား ပါတယ်။

ဘန်ကောက်မြို့ကို ပိတ်ဆို့ ဆန္ဒပြတဲ့ ဘန်းထပ်ထောင်း ဗဟို သပိတ် စခန်း အနီး မွန်းလွဲ ၁ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ တာပါ။ ပေါက်ကွဲမှု ကြောင့် ဆန္ဒပြ ပွဲမှာ ပါဝင်သူ ၃၆ ဦး ဒဏ်ရာ ရရှိတယ်လို့ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေး ဌာနက အတည်ပြု ပြောကြားပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူထပ် ထူဆူဘန် ဦးဆောင်တဲ့ ဆန္ဒပြ လူအုပ် ထဲကို အနီး အနား အဆောက် အဦးထဲ ကနေ လက်လုပ် ဗုံးနဲ့ ပစ်ခတ် ခဲ့တာလည်း ဖြစ်ပါတယ်။ ဆူထပ် ကတော့ ထိခိုက် ဒဏ်ရာ ရရခြင်း မရှိဘဲ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး အစောင့်တွေ ကတော့ ဒဏ်ရာ ရရှိသွားကြပါတယ်။

တစဆီ ဖြုတ်ထားတဲ့ လက်နက် တချို့၊ စကား ပြောစက် ၄ လုံး နဲ့ အသုံး အဆောင် တချို့ ကိုလည်း အဲဒီ အနီး အနားမှာ ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။ ကြာသပတေးနေ့ ညက လည်း ဆန္ဒပြ စခန်း ၂ ခုနဲ့ နန်းတော်ဟောင်း ပြခန်း တခုကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်မှု ရှိခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန် အိုချာ

ဗုံးပေါက်ကွဲ တာကြောင့် စိုးရိမ် ပြောဆိုမှုတွေ ရှိပေ မယ့်လည်း ဆန္ဒပြ သူတွေ လျှော့နည်း သွားခြင်း မရှိသေးပါဘူး။ အခု ရက်ပိုင်း အတွင်းမှာ ဗုံး ပေါက်ကွဲတာ သေနပ်နဲ့ ပစ်တာတွေ နေတိုင်း လိုလို ဖြစ်ခဲ့ပြီး ရဲက တရားခံကို ဖမ်းနိုင်ခြင်း မရှိ သလို ဘယ်သူ ဘယ်ဝါရဲ့ လက်ချက်လဲ ထုတ်ဖေါ်နိုင်ခြင်း မရှိပါ။

အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြင်းထန် လာမယ်လို့ ဝေဖန် မှုတွေ ရှိနေတဲ့ အပေါ် ရဲချုပ် ရဲဗိုလ်ချုပ်ကြီး အဒွန်း စဲန်စင်ကယောက် က၊ အခြေ အနေ တွေဟာ သတိထား စောင့်ကြည့် ရမယ့် အခြေ အနေ ဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံရေး တင်းမာမှုက ရေချိန် မြင့်လာ ပေမယ့်လည်း ဘယ်လို ကိုင်တွယ် ရမလဲ ဆိုတာ ဝေခွဲမရ ဖြစ်နေတုန်း ဖြစ်ပါတယ်။ စစ်တပ်က တာဝန်ပေး ဖို့ကို ဝန်လေး နေပုံ ရတယ်။

ဓာတ်ပုံ မူပိုင် Other
Image caption အာဏာ သိမ်းဖူးခဲ့တဲ့ စစ်တပ်ဟာ နာမည် ပျက် ခဲ့ဖူး တာကြောင့် လက်ရှိ နိုင်ငံရေးမှာ ဝင်မပါ နိုင်

အခု အတိုက် အခံ ဖြစ်နေတဲ့ အဖိစစ် ဝေ့ချာချီဝါ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က အစိုးရ ဖြစ်နေတုန်း ကဆိုရင် ရှပ်နီ ဆန္ဒပြတာကို စစ်တပ် အားကိုးနဲ့ ဖြိုခွင်းလို့ လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ ပါတယ်။ ဒါကို လက်ရှိ ဝန်ကြီးချုပ် ယင့်လတ် ပါတီဝင်တွေက ပြစ်တင် ဝေဖန်ပြီး နိုင်ငံရေး အရ ထိုးနှက်မှု လုပ်ခဲ့ ပါတယ်။ ဒါကြောင့်လည်း ဝန်ကြီး ချုပ်ယင့်လတ်က စစ်တပ်ကို တာဝန် ပေးဖို့ ဝန်လေး နေပုံ ရပါတယ်။

စစ်တပ်ဘက်ကို ပြန်ကြည့် ပြန်တော့ ဝန်ကြီးချုပ် ခိုင်းမယ့် အတိုင်း လုပ်မယ့် အရိပ် အရောင် မတွေ့ရပါ။ လွန်ခဲ့ ၇ နှစ်ကျော်က အာဏာ သိမ်းဖူးခဲ့တဲ့ စစ်တပ်ဟာ နိုင်ငံရေး ကို ဖြေရှင်း ပေးနိုင်ခြင်း မရှိပဲ နာမည် ပျက်တာပဲ အဖတ် တင်ခဲ့ တာကြောင့်လည်း လက်ရှိ နိုင်ငံရေး မှာ ဝင်မပါ ဘူးလို့ ပြောနေပုံ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ