ထောက်လှမ်း ဖုန်းဖြတ်ယူမှု ထိန်းချုပ်မယ်

  • 18 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် သမ္မတ အိုဘားမား အမိန့်ထုတ်ပြီ

အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာတလွှားက သန်းရာနဲ့ချီတဲ့ ဖုန်းသုံးစွဲသူတွေရဲ့ ဆက်သွယ်မှုတွေကို ခိုးနားထောင် အချက်အလက် ရယူမှုတွေကို ဟန့်တား ထိန်းချုပ်ဖို့ သမ္မတ အိုဘားမားက အမိန့်ထုတ်လိုက်ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အရပ်သားတွေရဲ့ ပုဂ္ဂိုလ်ရေး ဆက်သွယ် ပြောကြားမှုတွေကို ခိုင်လုံတဲ့ လုံခြုံရေးဆိုင်ရာ လိုအပ်ချက် မရှိရင်ကြားဖြတ် ခိုးနားထောင်တာတွေ လုပ်မှာ မဟုတ်တော့ဘူးလို့ မစ္စတာ အိုဘားမားက ဝါရှင်တန်မှာ ပြောကြားသွားခဲ့ပါတယ်။

မနှစ်တုန်းက NSA ဝန်ထမ်းဟောင်း အက်ဒွပ် စနိုဒင်က လူသိရှင်ကြား ဖွင့်ချပြောဆိုမှုကြောင့် NSA ရဲ့ ဖုန်းကြားဖြတ် ခိုးနားထောင်မှုတွေကို နိုင်ငံတကာက အကြီးအကျယ် ဒေါသထွက်နေချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းကို ဂျာမနီက ကြိုဆိုလိုက်ပြီး ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် ရဲ့ လက်ကိုင်ဖုန်းကို NSA က ကြားဖြတ် ခိုးနားထောင် ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေ မနှစ်တုန်းက ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေး အပေါ် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် လက်ထဲရှိနေတဲ့ လူတွေရဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေ ၊ လုံခြုံစိတ်ချရပါ့မလား ဆိုတဲ့ အပေါ် လူတွေ အကြီးအကျယ် စိုးရိမ် နေကြချိန်မှာ အမေရိကန် နိုင်ငံသား မဟုတ်သူတွေကိုပါ အကာအကွယ်ပေးမယ့် အစီအစဉ်ဟာ အရေးကြီးတယ်လို့ မစ္စက် မာခဲလ်က ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

ဥရောပ သမဂ္ဂ ကလည်း ဒီအစီအစဉ်ကို ကြိုဆိုလိုက်ပြီး ဒီထက် ပိုတိုးလုပ်ဖို့ မျှော်လင့်ပေမယ့် ဆက်ပြီး မေးခွန်းထုတ်စရာ အများအပြား ရှိနေသေးတယ်လို့ သတိပေးလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ