ဆီးရီးယား အတိုက်အခံတွေ ငြိမ်းချမ်းရေး ညီလာခံ တက်မယ်

  • 19 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား ညွန့်ပေါင်း အဖွဲ့နဲ့ ဂျွန်ကယ်ရီ တွေ့ဆုံ

ပြည်ပရောက် ဆီးရီးယား အဓိက အတိုက်အခံ ညွှန့်ပေါင်း အဖွဲ့ဟာ နောက်သီတင်းပတ် ဆွစ်ဇာလန်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ဖို့ သဘောတူခဲ့ကြပါတယ်။

လအတန်ကြာ အနောက် နိုင်ငံတွေရဲ့ အပြင်းအထန် ဖိအားပေးတာ ခံရပြီးတဲ့နောက် အခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

တူရကီ နိုင်ငံမှာ ကျင်းပနေတဲ့ အစည်းဝေးမှာ ဆီးရီးယား အမျိုးသား ညွှန့်ပေါင်း အဖွဲ့က ထောက်ခံမဲ ၅၈ မဲ ကန့်ကွက်မဲ ၁၄မဲ နဲ့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ သတ္တိရှိတဲ့ ဆုံးဖြတ်ချက် တရပ်ဘဲလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပြီး အတိုက်အခံတွေကို အမေရိကန် က ဆက်လက် ထောက်ခံ ပံ့ပိုး သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ငြိမ်းချမ်းရေး ညီလာခံကို တက်ဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်လို့ ညွှန့်ပေါင်း အဖွဲ့ကြား သဘောကွဲမှုတွေ ဖြစ်ခဲ့ပြီး အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်းဖို့ ဘယ်အဆိုပြုချက်မျိုးမှာ မဆို သမ္မတ အာဆက်ကို ဖယ်မထားဘူး ဆိုရင် ဒီညီလာခံကို တက်ဖို့ ညွှန့်ပေါင်း အဖွဲ့ဝင် အများအပြားက ချီတုံချတုံ ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံဒမားစကပ်စ်မြို့ ဆင်ခြေဖုံးက သူပုန်ထိန်းချုပ်ရာ နေရာမှာ ရှိတဲ့ ဒုက္ခသည်စခန်းကို ရိက္ခာ အကူညီတွေ ရောက်လာပြီလို့ ဆီးရီးယား မှာ ရှိတဲ့ ပါလက်စတိုင်း အရာရှိတွေက ပြောပြီး ဒါဟာ လေးလ အတွင်း ပထမဆုံး ရောက်လာတဲ့ အကူအညီ ဖြစ်ပါတယ်။

ပါလက်စတိုင်းတွေ စီမံခန့်ခွဲတဲ့ Yarmouk ဒုက္ခသည် စခန်းက လာတဲ့ သတင်းတွေ အရ ကလေးတွေဟာ ဒီဒုက္ခသည်စခန်း အာဟာရချို့တဲ့ပြီး သေအံ့ဆဲဆဲ ဖြစ်နေပြီလို့ ဆိုပါတယ်။

ပါလက်စတိုင်း ဒုက္ခသည်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတဲ့ ကုသလမဂ္ဂ အေဂျင်စီ ပြောခွင့်ရသူ ခရစ် ဂန်းနစ် ကတော့ အခုလို အကူညီတွေ ရတာ ကြိုဆိုပေမယ့် လိုအပ်ချက်နဲ့ လုံလောက်မှု မရှိသေးပါဘူး လို့ ပြောပါတယ်။

တကယ်တော့ ဒီ ရာမုခ် ဒုက္ခသည် စခန်းဟာ သမ္မတ အာဆက်ရဲ့ နန်းတော်နဲ့ ကီလိုမီတာ အနည်းငယ်သာ ဝေးတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ