ထိုင်းဆန္ဒပြမှုကြောင့် တစ်ရက်ကို ဒေါ်လာ သန်း ၃ဝ ကျော် ထိခိုက်

  • 19 ဇန်နဝါရီ 2014
Image caption ဘန်ကောက်မြို့က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ Victory Monument နေရာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေကြောင့် ခရီးသည်တွေ လျှော့နည်းသွားပြီး ဆန္ဒပြတဲ့အနီးနားက ဟိုတယ်တွေ ဧည့်သည်က ၅ဝ ရာခိုင်နှုန်းအောက်ကို လျှော့ကျ သွားပါတယ်။

ဆန္ဒပြမှုကြောင့် တစ်ရက်ကို အမေရိကန်ဒေါ်လာ သန်း ၃ဝ ကျော်လောက် ထိခိုက်မှုရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

တချိန်ထဲမှာပဲ ဆန္ဒပြတဲ့ နေရာမှာရောင်းတဲ့ စျေးဆိုင်တွေက တွက်ခြေကိုက်တယ်လို့ ပြောကြပါတယ်။

ဆန္ဒပြပွဲကြောင့် ရိုက်ခတ်တဲ့စီးပွားရေးအကြောင်းကို ဘီဘီစီ သတင်းထောက်က ဆန္ဒပြတဲ့နေရာကို ကွင်းဆင်းပြီး မေးမြန်း ကြည့်တဲ့ အခါ ကော်ဖီ၊ လက်ဖက်ရည် ရောင်းသမား တယောက် ကတော့ အရင်ကဆို တရက်ကို ဘတ်နှစ်ထောင်လောက် ရပေမယ့် အခုတော့ တရက်ကို ဘတ်လေးထောင်လောက် ဝင်တယ်လို့ ပြောပါတယ်။

တခါ ဂျင်းဘောင်းဘီ ရောင်းသူတယောက် ကတော့ အရင်က တခြား နေရာမှာ ရောင်းတာ ဖြစ်ပေမယ့် အခုတော့ ဒီနေရာမှာ လူစည်လို့ လာရောင်းတယ်လို့ ဆိုပြီး ပထမ ရက်တွေ တုန်းကဆိုရင် တရက်ကို ဘတ်ငါးထောင် ၊ ခြောက်ထောင်ဘိုး ရောင်းနေရာက အခု ရက်ပိုင်းမှာတော့ ဘတ်သုံးလေးထောင် လောက်ဘဲ ရောင်းရတယ်လို့ ဆိုပါတယ်။

အမျိုးသား အမျိုးသမီး အင်္ကျီတွေ ရောင်းသူ တယောက်က ပြောရာမှာလည်း နဂိုကတည်းက ဒီနေရာမှာ ရောင်းနေတာ ဖြစ်ပြီး ဆန္ဒမပြခင်တုန်းက တရက်ကို ဘတ်နှစ်ထောင် သုံးထောင် ရနေရာက အခုတော့ ဘတ် ငါးထောင် ခြောက်ထောင်ဘိုး ရောင်းရကြောင်း သူက ရှင်းပြပါတယ်။

ဆန္ဒပြပွဲ ပတ်လည်မှာ ဆန္ဒပြပွဲနဲ့ သက်ဆိုင်တဲ့ အသုံးအဆောင်တွေကို ရောင်းချနေတာကို တွေ့ရပြီး အမျိုးသမီးတယောက်က သူဟာ အရင်က စျေးသည် မဟုတ်ပေမယ့် အခုလို အမှတ်တရ အသုံးအဆောင်တွေ ရောင်းတဲ့ အခါ တရက်ကို ဘတ် တသောင်းဖိုးလောက် ရောင်းရတယ်လို့ ပြောပါတယ်။

တကယ်တော့ အခုလို ဆန္ဒပြမှုကြောင့် အဓိက ရိုက်ခတ်တာက ဆန္ဒပြပွဲ တဝိုက်က လပ္ပဆုံ မှာ ရှိတဲ့ ကုန်တိုက် ၊ ဟော်တယ်တွေ ဖြစ်ပါတယ်။

Dragon စားသောက်ဆိုင်က တယောက်ကတော့ သူတို့ဆိုင် အရောင်းကျပြီး အရင်ကဆို တရက်ကို ဘတ် ခုနှစ်သောင်း ၊ ရှစ်သောင်းဖိုး ရောင်းရခဲ့ပေမယ့် အခု ဆန္ဒပြမှုတွေကြောင့် တရက်ကို ဘတ် သုံးလေးသောင်း အထိ ကျသွားတယ်လို့ ဆိုပါတယ်။

အနီးက ဟော်တယ် တခုက အရောင်းစာရေးမကလည်း လာတည်းတဲ့ ဧည့်သည် ၃၀ ရာခိုင်နှုန်းလောက် ကျသွားတယ် ဟော်တယ် ကြီးတွေ နိုင်ငံခြားသား လာရောက် နေထိုင်တဲ့ ကြယ်ငါးပွင့် ဟော်တယ်တွေ ဆိုရင် ၅၀ ရာခိုင်နှုန်း အောက်ကျသွားတယ်လို့ ပြောပါတယ်။

ဒါကြောင့် အခုလို ဆန္ဒပြမှုတွေကြောင့် လုပ်ငန်းသစ် ၀င်ငွေသစ်တွေ ရသူတွေ ရှိသလို စီးပွားရေး ပညာရှင်တွေကတော့ ထိုင်းစီးပွားရေးကို တရက်ကို ဒေါ်လာ သန်း ၃ဝ ဖိုးလောက် ထိခိုက်နစ်နာတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ