နျူ ကန့်သတ်ရေး အစီအစဉ် အီရန် စတင် လုပ်ဆောင်

  • 20 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption နျူကလီးယား စွမ်းအင်သုံး အီရန် စက်ရုံတစ်ရုံ

အီရန်နိုင်ငံက နျူကလီးယား အစီအစဉ် ကန့်သတ် လျှော့ချရေး အစီအစဉ်ကို ဒီနေ့က စပြီး လုပ်ဆောင် နေပြီလို့ ကုလ သမဂ္ဂ နျူကလီးယား အေဂျင်စီ IAEA က ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယား အရေးဆိုင်ရာ ယာယီ သဘောတူညီချက်ရဲ့ တစိတ် တပိုင်းကို စတင် လိုက်နာတဲ့ အတွက် အပြန် အလှန် အားဖြင့် နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေး ယူမှုတွေ ကိုလည်း ဒီနေ့ စတင် လျှော့ပေး တော့မှာ ဖြစ်ပါတယ်။

အီရန်နိုင်ငံက ၅ ရာခိုင်နှုန်းအထက် ယူရေနီယမ် သန့်စင်ရေး အစီအစဉ်ကို ရပ်ဆိုင်းခဲ့တယ်၊ ဒါကြောင့် နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ IAEA က ပြောပါတယ်။

သူတို့ရဲ့ စစ်ဆေးရေးမှူး တွေလည်း တီဟီရန်မှာ ရှိတဲ့ နျူကလီးယား စက်ရုံတွေကို ပိုမို သွားရောက် စစ်ဆေးခွင့် ရတော့မယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။

အီရန်ဘက်ကတော့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ နည်းနဲ့ အရပ် ဘက်ဆိုင်ရာ သုံးစွဲမှု အတွက်ပါလို့ အခိုင်အမာ ပြောနေခဲ့တာပါ။

နျူကလီးယား လျှော့ချရေးဆိုင်ရာ ယာယီ သဘော တူညီချက်ကို အီရန် ဘက်က လိုက်လျော လာတဲ့ အတွက် အပြန်အလှန် အားဖြင့် ဥရောပ သမဂ္ဂနဲ့ အမေရိကန် တို့က ပိတ်ဆို့ အရေး ယူမှု တချို့ကို လျှော့ပေါ့ ပေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ