ယူကရိန်းမှာ ရဲနဲ့ ဆန္ဒပြသူ တိုက်ခိုက်

  • 20 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အတိုက်အခံ ခေါင်းဆောင် Vitali Klitschko

ယူကရိန်းမှာ သီတင်းပတ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ နိုင်ငံရေး အကြပ်အတည်းကို အဖြေရှာဖို့ ဒီနေ့ တနင်္လာနေ့မှာ အထူးကော်မရှင် တရပ် ခေါ်ယူ ဆွေးနွေးသွားမယ်လို့ သမ္မတ ဗစ်တာ ရာနူကိုဗစ်ချ် က ကတိပေးခဲ့ကြောင်း အတိုက်အခံ ခေါင်းဆောင် Vitali Klitschko ဗစ်တယ်လီ ကလစ်ချ်ကို က ပြောပါတယ်။

ကီးရက်ဗ် မြို့တော်မှာ ရဲတွေနဲ့ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ မနေ့က တနေလုံး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီလို ဖြစ်ပွားခဲ့ပြီးတဲ့နောက် သမ္မတ နဲ့ အတိုက်အခံ ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ပြီး အခုလို အထူးကော်မရှင် ခေါ်ဖို့ ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

ဆန္ဒပြမှု နှိမ်နင်းရေး ဥပဒေသစ်ကို မကျေနပ်လို့ လူတွေက ဆူပူ အုံကြွခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခံ ခေါင်းဆောင် မစ္စတာ ကလစ်ချ်ကို က သမ္မတကို ရာထူးက နုတ်ထွက်ပေးပြီး ရွေးကောက်ပွဲ စောခေါ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

မစ္စတာ ရာနူကိုဗစ်ချ်ဟာ ဥရောပ သမဂ္ဂနဲ့ ကုန်သွယ်ရေး သဘောတူ စာချုပ် ချုပ်ဆိုဖို့ ငြင်းပယ်ကာ ရုရှားနဲ့ ပိုမို နီးစပ်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် ယူကရိန်းမှာ မငြိမ်မသက် ဖြစ်နေတာ နှစ်လကြာသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ