ဒေလီ ဝန်ကြီးချုပ်သစ် ထိုင်သပိတ် ဆင်နွှဲ

  • 21 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption လာပူးပေါင်းဖို့ ကြိုးစားနေတဲ့ ထောက်ခံသူတွေ

အိန္ဒိယနိုင်ငံ မြို့တော် ဒေလီ ဝန်ကြီးချုပ် အဖြစ် မကြာသေးခင်က အသစ်ရွေးချယ် တင်မြောက် ခံခဲ့ရတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး စည်းရုံးလှုံ့ဆော်သူ အာဗင် ကက်ဂျရီဗော်ကို ထောက်ခံသူတွေဟာ မြို့တော်က အစိုးရ ရုံးတွေ ရှေ့မှာ ရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မစ္စတာ ကက်ဂျရီဗော်ဟာ အရေးယူခြင်း မရှိတဲ့ ဒေလီမြို့ ရဲတပ်ဖွဲ့အတွင်းက အဂတိ လိုက်စားမှုတွေအတွက် ထိုင်သပိတ် ဆင်နွှဲနေရာမှာ သူ့ကို ထောက်ခံသူတွေက လာရောက် ပူးပေါင်းဖို့ ကြိုးစားတာကို ရဲက တားမြစ်နေတာ ဖြစ်ပါတယ်။

မစ္စတာ ကက်ဂျရီဗော်ဟာ အစိုးရ အဆောက်အဦး အနီးက လမ်းဘေးမှာပဲ မနေ့က ညလုံးပေါက် ထိုင်သပိတ် ဆင်နွှဲ နေခဲ့တာ ဖြစ်ပြီး ထောက်ခံသူတွေက သူ့ကို တွေ့ရဖို့ တောင်းဆိုနေကြပါတယ်။

ချစားနေတဲ့ ရဲအရာရှိတွေကို အမြစ်ပါမကျန် ဖယ်ရှားနိုင်ဖို့နဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ မစ္စတာ ကက်ဂျရီဗော်ဟာ မြို့တော် ရဲတပ်ဖွဲ့ကို ဗဟိုအစိုးရ ကြီးကြပ်မှု အောက်ကနေ သူ့ရဲ့ ဒေသန္တရ အစိုးရ လက်အောက်ဆီ လွှဲပြောင်း ပေးစေချင်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ