ဆီးရီးယား ဆွေးနွေးပွဲ အီရန်ကို မဖိတ်တော့

  • 21 ဇန်နဝါရီ 2014
syria ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်ပွဲ ၃ နှစ် အတွင်း လူပေါင်း ၁ သိန်းကျော် သေကြေခဲ့

ဆီးရီးယား ပဋိပက္ခ ဆွေးနွေး အဖြေ ရှာရေး ညီလာ ခံကို အီရန် တက်ရောက်ဖို့ ဖိတ်ကြား ထားခဲ့ ရာမှာ အခုတော့ ကုလ သမဂ္ဂက သူ့ဖိတ်ကြား ချက်ကို ရုပ်သိမ်း လိုက်ပါပြီ။

အီရန် အစိုးရက ဆီးရီးယား မှာ ကြားဖြတ် အစိုးရ ဖွဲ့စည်း ရေးကို ထောက်ခံ မယ်လို့ လူသိရှင်ကြား ထုတ်ဖော်ကြေညာ မပေးတဲ့ အတွက် ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့် ရှိပုဂ္ဂိုလ် မာတင် နက်ဆာကီ ကဝေဖန်ပြစ်တင်လိုက်ပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ အီရန် ထိပ်တန်း အရာရှိတွေနဲ့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဆိုတဲ့ ရည်မှန်းချက်ကို အီရန်ဘက်က နားလည် လက်ခံကြောင်း ပြောခဲ့လို့ အစည်းအဝေးတက်ဖို့ ဖိတ်ကြားတာလို့ ဆိုပါတယ်။

အီရန်အစိုးရဟာ ဆီးရီးယား လက်ရှိ သမ္မတ အာဆတ်ရဲ့ အဓိက မဟာမိတ်ဖြစ်ပါတယ်။ အီရန်ကို ဖိတ်တဲ့ အတွက် အမေရိကန်နဲ့ အမေရိကန်တို့ ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယား အတိုက်အခံသူပုန်အဖွဲ့တို့ကတော့ ဒေါသ အကြီးအကျယ် ထွက်ကြပါတယ်။

အီရန်အနေနဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ထောက်ခံမှသာ အခုဂျီနီဗာ အမှတ် နှစ် ညီလာခံကို တက်ရောက်ခွင့်ပေးဖို့ အမေရိကန် ဗြိတိန်တို့က ပြောပါတယ်။ ဒီအချက်ဟာ လက်ရှိ ဆီးရီးယား သမ္မတ အာဆတ်ဘက်က တစိုက်မတ်မတ် ငြင်းပယ်ခဲ့တဲ့ အချက်လည်း ဖြစ်ပါတယ်။ သမ္မတ အာဆတ်ဘက်က သူ့အနေနဲ့ ရာထူးကနှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ဆိုနေတာဖြစ်ပါတယ်။

အခုအခါ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုကြောင့် အီရန်ဘက်က ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖော်ကြေညာပေးဖို့ တောင်းဆိုတဲ့ အခါမှာ အီရန်က ကြေညာမပေးနိုင်ဘူးလို့ ငြင်းလိုက်ပါတယ်။ ဒီလို ငြင်းတဲ့ အတွက် ကုလသမဂ္ဂဘက်က ဖိတ်ကြားချက်ကို ပြန်လည် ရုပ်သိမ်းတာဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ် ကတော့ ဒီဆွေးနွေးပွဲမှာ အီရန်မပါရင် အဲဒါဟာ ခွင့်မလွှတ်နိုင်စရာ အမှားအယွင်း တခုဖြစ်လိမ့်မယ်လို့ သတိပေးနေပါတယ်။

တခြား တဘက်မှာလည်း ဆီးရီးယား သူပုန်ညွန့်ပေါင်းအဖွဲ့က အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ အီရန်ကို ဖိတ်တဲ့ ဖိတ်ကြားချက်ကို မရုပ်သိမ်းရင် သူတို့ ဒီညီလာခံကို မတက်ဘူးလို့ ကြေညာထားကြပါတယ်။

သူပုန်ညွန့်ပေါင်း အဖွဲ့ဟာ တကယ်တော့လည်း အစကတည်းက ဒီဆွေးနွေးပွဲကို သိပ်တက်ချင်ကြတာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့ ဒီဂျနီဗာ အမှတ် နှစ် ဆွေးနွေးပွဲကို မတက်ရင် အမေရိကန်တို့က သူတို့ပေးထားတဲ့ အကူအညီတွေကို ရုပ်သိမ်းပစ်မယ်လို့ ဖိအား ပေးတဲ့ အတွက် တက်ရောက်လာရတာ ဖြစ်ပါတယ်။

ဒီတော့ အဓိက ဆွေးနွေးဘက်တွေက အားတက်သရောမရှိကြဘဲ အမေရိကန် ရုရှားတို့ သဘောနဲ့ စီစဉ်ကြတဲ့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အလားအလာကောင်းတွေ ထွက်ပေါ်လာနိုင်ပါ့မလားဆိုတာကို သံသယဝင်သူတွေ အများအပြားရှိကြပါတယ်။

ဆီးရီးယာ ပဋိပက္ခဟာ သုံးနှစ်အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁ သိန်းသေဆုံးခဲ့ရသလို သန်းနဲ့ချီတဲ့ လူတွေဟာလည်း စစ်ဘေးစစ်ဒဏ်ကြောင့် အိုးအိမ်ပစ်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။