ထိုင်းမှာ အရေးပေါ်အခြေအနေ ကြေညာမယ်

  • 21 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဘန်ကောက်မှာ ပိတ်ဆို့ ဆန္ဒပြနေကြဆဲ။

ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေဖြစ်နေတဲ့ ဘန်ကောက်မြို့နဲ့ ဘန်ကောက်မြို့ အနီးက မြို့တချို့ကို အရေးပေါ် ကြေညာချက် ထုတ်ပြန်ဖို့ အစိုးရ ဝန်ကြီးများ အစည်း အဝေးက ဆုံးဖြတ်လိုက်ပါတယ်။ အရေးပေါ် ကြေညာချက်ဟာ မနက်ဖြန် စတင်မှာ ဖြစ်ပါတယ်။

အရေးပေါ် ကြေညာချက်အရ ဆန္ဒပြသူတွေကို လူစုခွဲခိုင်းဖို့နဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးနှိမ်နင်းဖို့အတွက် ရဲနဲ့ စစ်တပ်ကို ဝန်ကြီးချုပ်က တာဝန်အပြည့် ပေးခွင့်ရှိသွားပြီ ဖြစ်ပါတယ်။

အစိုးရက အကြောင်းပြတာက ဆန္ဒပြနေသူတွေကို ဥပဒေအရ တားမြစ်တာ အရေးယူတာတွေ လုပ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲက ၃ လနီးပါးရှိနေပြီး ရပ်ဆိုင်းမယ့်အနေအထားမရှိသေးတာ၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲကို ဆန္ဒပြသူတွေက ပိတ်ဆို့ဖို့ ရှိတာနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကြိုတင်မဲပေးတာကိုလည်း ပိတ်ဆို့ဖို့ ရှိနေတာတွေကြောင့် အခုလို အစိုးရက အရေးပေါ် ကြေညာချက် ထုတ်ပြန်တယ်လို့ ဆိုနိုင်ပါတယ်။

အရေးပေါ် ကြေညာချက် သတင်းထွက်လာပေမယ့် ဆန္ဒပြ သူတွေကတော့ လူစုခွဲဖို့ မရှိဘူးလို့ အခိုင်အမာပြောနေပါတယ်။ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေတုန်းကလည်း အရေးပေါ် ကြေညာချက် ထုတ်ပြန်ပေမယ့် ဆန္ဒပြပွဲတွေ ရပ်သွားတာမတွေ့ရဘဲ အင်အားသုံးပြီး ဖြို့ခွင်းမှသာ လူစုခွဲလို့ရခဲ့တာ ဖြစ်ပါတယ်။

အင်အားသုံးတာကို စစ်တပ်အနေနဲ့ သဘောမတွေ့ဘူးလို့ ကြည်းတပ် ဦးစီးချုပ်က အကြိမ်ကြိမ် ပြောနေတယ်။ ဒါကြောင့်ဆန္ဒပြပွဲတွေ ချက်ချင်းရပ်အောင်တော့ လုပ်နိုင်ဦးမှာမဟုတ်ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ