တင်းမာမှုတွေနဲ့ အစပြုခဲ့တဲ့ ဆီးရီးယား ဆွေးနွေးပွဲ

  • 23 ဇန်နဝါရီ 2014
Syria conference ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရဖက်ကတော့ အတိုက်အခံတွေကို အကြမ်းဖက်သမားလို့ စွပ်စွဲ

သုံးနှစ်နီးပါး ပြည်တွင်းစစ်ပွဲကြီး ဖြစ်နေတဲ့ ဆီးရီးယားအရေး ဆွေးနွေးပွဲတွေကို ဇန္နဝါရီလ ၂၂ ရက် ဗုဒ္ဓဟူးနေ့က စလို့ ဆွစ်ဇာလန်နိုင်ငံ မွန်ထရိုးမြို့မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံပေါင်း ၄၀ ကျော်က ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ အဖွဲ့တွေက ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ ဒီပွဲကို ဆီးရီးယား အစိုးရ ကိယ်စားလှယ်အဖွဲ့နဲ့ အဓိက အတိုက်အခံ အုပ်စုရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်နေပါတယ်။

အာဆတ်ရဲ့ အနာဂါတ်

ဒါပေမယ့် အများထင်ထားသလိုပဲ ဆွေးနွေးပွဲအစနေ့မှာပဲ တော်တော်လေး ပြင်းပြင်းထန်ထန် ငြင်းခုံကြ စွပ်စွဲကြနဲ့ တင်းတင်းမာမာ ရှိခဲ့ပါတယ်။ အဓိက မပြေလည်တဲ့ အပိုင်းကတော့ ဆီးရီးယား သမ္မတ ဘာရှာအာဆတ်ရဲ့ အနာဂါတ်အရေးပါ။ ဆီးရီးယား အတိုက်အခံတွေကတော့ သမ္မတ အာဆတ် လုံးဝ ဆင်းပေးရမယ်လို့ပဲ တောင်းဆိုနေပါတယ်။ သူတို့တောင်းဆိုချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း အားဖြည့်ပြီး သမ္မတ အာဆတ် ရာထူးမှာ ဆက်မနေသင့်တော့ဘူးလို့ ပြောခဲ့ပါတယ်။

ဆီးရီးယား အစိုးရ ကိုယ်စားလှယ် တွေကတော့ သမ္မတ အာဆတ်ရဲ့ အနာဂါတ်ကို ဆီးရီးယားပြည်သူတွေက ပဲ ဆုံးဖြတ်ပေးရမှာ ဖြစ်ပြီး အခုအစည်းအဝေး ကို လာတက်တဲ့ ဟိုလူ ဒီလူတွေက ဆုံးဖြတ်ခွင့်မရှိဘူးလို့ အခိုင်အမာပြောပါတယ်။

အခုအစည်းအဝေးကို စီစဉ်သူတွေက ဆီးရီးယား အစိုးရကို ဆန့်ကျင်သူတွေကို ရွေးပြီး ဖိတ်ထားတယ် လိုံ ဆီးရီးယား အစိုးရ ကိုယ်စားလှယ်အဖွဲ့က စွပ်စွဲပါတယ်၊ သူတို့နဲ့ မဟာမိတ်ဖြစ်တဲ့ အီရန်ကို တော့ ဖိတ်ပြီးမှ ပြန်ငြင်းခဲ့တာကိုလဲ ဝေဖန်ကြပါတယ်။

အခုအစည်းအဝေးတွေဟာ သောကြာနေ့ကျရင်တော့ ဂျီနီဗာကို ရွှေ့ပြီး ကျင်းပမှာပါ။ ကြာသပတေးနေ့မှာတော့ ဆီးရီးယား ဆိုင်ရာ ကုလ အထူး ကိုယ်စားလှယ် လက်ကတာ ဘရာဟီမီက အစိုးရကိုယ်စားလှယ်ရော အတိုက်အခံ ကိုယ်စားလှယ်တွေနဲ့ ပါ သီးခြားစီတွေ့ပြီး ဆွေးနွေးမှာပါ။ သူကတော့ နှစ်ဖက်စလုံးဟာ အပစ်ရပ်ရေး၊ ဒုက္ခသည်တွေဆီကို အကူအညီပေးရေး ကိစ္စတွေကို သဘောတူကြတာမို့ တိုးတက်မှု တခုခု ရလိမ့်မယ်လို့ အကောင်းမြင်နေပါတယ်။

လူမှု ကယ်ဆယ်ရေး အရင်လုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption လူပေါင်း သန်းနဲ့ချီပြီး နိုင်ငံတွင်းက ထွက်ပြေးခဲ့ရပြီ။

ဒီအစည်းအဝေးကို စောင့်ကြည့်နေကြတဲ့ လူမှုကူညီရေး အဖွဲ့တွေကတော့ ဖြစ်နိုင်ချေရှိတဲ့ အရေးကြီးတဲ့ သဘောတူညီချက်တွေ ရအောင်ယူဖို့လိုတယ်လို့ ပြောပါတယ်။ Human Rights Watch အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ကက်နက် ရော့သ်က အခု ဂျီနီဗာ ဆွေးနွေးပွဲမှာ ကြီးကြီးကျယ်ကျယ် နိုင်ငံရေး အဖြေတခုခု ထွက်ဖို့ကိုပဲ အာရုံစိုက်နေရင် အောင်မြင်တယ် မပြောနိုင်ပါဘူး၊ လူသားချင်းစာနာတဲ့ အကူအညီတွေ အရေးတကြီးလိုနေတဲ့ သန်းနဲ့ ချီတဲ့ ပြည်သူတွေဆီ အကူအညီတွေ အတားအဆီး မရှိ အမြန်ဆုံးရောက်ဖို့က ချက်ခြင်းလုပ်ရမယ့် ကိစ္စဖြစ်လို့ အစိုးရရော အတိုက်အခံပါ သဘောတူလာအောင် ဖိအားပေးကြဖို့လိုပါတယ်လို့ ပြောပါတယ်။

အတိုက်အခံနဲ့ အစိုးရ ပထမဆုံးအကြိမ် မျက်နှာ ချင်းဆိုင် ထိုင်ဖြစ်တာကိုက တိုးတက်မှု တခုလို့ ဆိုနိုင်ပေမယ့် အခုလို နာကျည်းမှုတွေ အပြည့်ရှိနေတဲ့ ဘက်နှစ်ဘက်အကြား ငြိမ်းချမ်းရေး ခရီးလမ်းကတော့ သိတ်မနီးသေးပါဘူးလို့ သုံးသပ်သူတွေက ဆိုကြပါတယ်။