ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်

  • 22 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျနီဗာ ၂ လို့ ခေါ်ကြတဲ့ ဆွေးနွေးပွဲမှာ ဘန်ကီမွန်း မိန့်ခွန်းပြော

ဆီးရီးယား နိုင်ငံအတွင်းက ပြည်တွင်းစစ် အဆုံးသတ်နိုင်ဖို့ အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆွစ်ဇာလန် နိုင်ငံ၊ မွန်ထရူး အနားယူ စခန်းမှာ စတင် ကျင်းပ နေပါပြီ။

ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ ဘက်က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဖွင့်လှစ်ပေး ခဲ့တာဖြစ်ပြီး၊ ၃ နှစ် နီးပါးလောက် ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဆီးရီးယားမှာ အတော် နစ်နာ နေခဲ့ရပြီ ဖြစ်ကြောင်း၊ အခု ဆွေးနွေးပွဲဟာ တကယ့် မျှော်လင့်ချက် တခု ဖြစ်ကြောင်း ဘန်ကီမွန်းက ပြောပါတယ်။

ဒါ့အပြင် ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ၊ နောက် ဒေသတွင်းနဲ့ နိုင်ငံတကာကပါ နိုင်ငံရေး သဘောတူညီချက် တခု ရနိုင်ဖို့ ဝိုင်းဝန်း အဖြေရှာရမယ်လို့ ဘန်ကီမွန်းက ပြောခဲ့ပါတယ်။

ဆီးရီးယား အတိုက်အခံ ခေါင်းဆောင် အာမက် ဂျာဗား ကတော့ သမ္မတ ဘာရှာ အဲလ်အာဆတ်ဒ် ဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့လို့ ဆီးရီးယားရဲ့ အနာဂတ် နိုင်ငံရေးမှာ ပါဝင်ဖို့ မသင့်ဘူးလို့ ပြောပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါလစ် မူလမ်ကတော့ အတိုက်အခံတွေကို သစ္စာဖောက်တွေလို့ ခေါ်ခဲ့ပြီး သမ္မတ အာဆတ်ဒ်ဟာ သူ့ကို ဆင်းပေးဖို့ တောင်းဆို နေကြတာတွေကို လိုက်လျောမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ