အာဆတ်ကို ဖြုတ်ချဖို့ အမေရိကန်ပြော

  • 22 ဇန်နဝါရီ 2014
torture
Image caption ဆီးရီးယား အစိုးရဘ နှိပ်စက်ညှင်းပမ်းမှု စွပ်စွဲချက် ထွက်ပေါ်

ဆီးရီးယား အစိုးရရဲ့ ညှင်းပမ်း နှိပ်စက်မှု အထောက် အထားတွေဟာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချဖို့ လိုအပ် နေပြီ ဆိုတဲ့ အချက်ကို လေးနက် ထင်ရှား စေတယ်လို့ အမေရိကန် အစိုးရက ပြောလိုက် ပါတယ်။ ဆီးရီးယား အရေး ဆွေးနွေးပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံတွေကို ရိုက်ကူးသူက သူ့နာမည်ကို ဆီဇာဆိုတဲ့ လျှို့ဝှက်နာမည်သာ ထုတ်ဖော် ပြောဆိုပါတယ်။ သူဟာ အရင်က စစ်ဘက်ဆိုင်ရာ ရဲတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အလုပ်တာဝန်ဟာ သေသူတွေရဲ့ အလောင်းကို ဓါတ်ပုံရိုက်ရတဲ့ တာဝန်လို့လည်း ဆိုပါတယ်။

အဲသလို ဓါတ်ပုံရိုက်ခိုင်းတဲ့ ရည်ရွယ်ချက်ကတော့ သေစာရင်းပြုလုပ်ဖို့ရယ်၊ အစိုးရက သုတ်သင်ရှင်းလင်းခိုင်းတဲ့သူတွေ သေဆုံးသွားပြီဆိုတာ အထောက်အထား ခိုင်မာဖို့လို့ ဆိုပါတယ်။

သူနဲ့ အတူ သူရိုက်ကူးခဲ့တဲ့ သောင်းနဲ့ချီတဲ့ ဓါတ်ပုံတွေကို ယူဆောင်ပြီး ဆီဇာဟာ ဆီးရီးယားနိုင်ငံထဲက ခိုးထွက်ပြီး စစ်ရာဇဝတ်မှုစွဲချက်တင်သူ အမှုလိုက်ရှေ့နေ သုံး ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူနဲ့ပါလာတာကတော့ သေဆုံးသူ ၁ သောင်း ၁ ထောင်ရဲ့ ဓါတ်ပုံပေါင်း ၅ သောင်း ၅ထောင်လို့ ဆိုပါတယ်။

ဆီးရီးယား အပြင်ဘက် တနေရာမှာ ရက်အတန်ကြာ တွေ့ဆုံ မေးမြန်းစုံစမ်းမှုတွေ လုပ်ပြီးနောက် သက်သေအထောက်အထားတွေဟာ အလွန်ခိုင်မာတဲ့ သက်သေတွေ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

ဒီလို ဓါတ်ပုံတွေကို ရိုက်ကူးပေးပို့ဖို့ အစီစဉ်ချ တာဝန်ပေးခဲ့သူကတော့ ကာတာနိုင်ငံ ဖြစ်ပါတယ်။

ဆီးရီးယား သူပုန်တွေကို ထောက်ခံသူ ကာတာနိုင်ငံက စီစဉ်တဲ့ဓါတ်ပုံတွေ ဖြစ်တဲ့ အတွက် ဒီဓါတ်ပုံတွေဟာ လက်ခံယုံကြည်ဖွယ်ရာ မရှိဘူးလို့ ဆီးရီးယား အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအမှူး နာဗီပီလေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရူးပါတ် ကိုဗေးလ်က အခုဒီပုံတွေဟာ အချက်ပေးခေါင်းလောင်းတီးလိုက်သလိုပါပဲ။ ဒီပုံတွေဟာ အစစ်အမှန်ဖြစ်ကြောင်းသက်သေထူနိုင်ပြီဆိုရင်တော့ အလွန်ဆိုးဝါး ကြောက်မက်ဖွယ် ကောင်းပါတယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မေရီ ဟာ့ဖ် က ကျမတို့အနေနဲ့ အာဆတ်အစိုးရကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရ တရပ်ဖွဲ့စည်းဖို့လိုပါပြီလို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ဂ် ကလည်း အင်မတန် တုန်လှုပ်ခြောက်ခြားစရာကောင်းပြီး ခိုင်မာတဲ့ သက်သေ အထောက်အထားတွေကို သူတွေ့ခဲ့ရပါတယ်လို့ ပြောပါတယ်။

လူပေါင်း ၁သောင်းကျော်ရဲ့ ဓါတ်ပုံတွေအားလုံးအနက် လူတယောက်ကလွဲပြီး ကျန်သူအားလုံးဟာ ယောက်ျားတွေဖြစ်တယ်လို့ ဆိုပါတယ်။ အများစုဟာ အလွန်ပိန်လှီချိနဲ့နေကြပြီး အများအပြားဟာ ရိုက်နှက်ခံထားရတာတွေ လည်မြိုညှစ်ခံထားရတာတွေကို တွေ့ရတယ်လို့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။ တချို့ဟာ မျက်စိမပါတော့ဘူး တချို့ကတော့ လျှပ်စစ်ရှော့ရိုက်ခံထားရတယ်လို့လည်း ဆိုပါတယ်။

ဒီအထောက်အထားတွေဟာ ဆွေးနွေးပွဲ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ထွက်ပေါ်လာတာဖြစ်တဲ့ အတွက် စနစ်ကျတဲ့ နိုင်ငံရေး ထိုးနှက်ချက် တခုဖြစ်သလို ဒီအထောက်အထားတွေရဲ့ ဂယက်ဟာ ဆွေးနွေးပွဲကို အများကြီး သြဇာသက်ရောက်စေမှာလည်း ဖြစ်ပါတယ်။