အီဂျစ် ရဲဌာနချုပ် အပြင်ဘက် ဗုံးကွဲ၊ ၄ ဦး သေ

  • 24 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် မြေတွင်းကြီး ဖြစ်ကျန်ရစ်

မဲပေးသူ ၉၈ ရာနှုန်း ထောက်ခံတယ် ဆိုတဲ့ အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲ နောက်ပိုင်း အီဂျစ် နိုင်ငံရေး အခြေအနေ တင်းမာနေချိန်မှာ မြို့တော် ကိုင်ရိုက ရဲဌာနချုပ် အပြင်ဘက်မှာ ကားဗုံး တလုံး ပေါက်ကွဲလို့ အနည်းဆုံး လူ ၄ ဦးသေ၊ တခြား လူ ၇၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

ဂျေရုဆလမ် မြို့တော်ရဲ့ ချန်ပီယံ တွေလို့ သူတို့ဘာသာ နာမည် ခံထားတဲ့ အယ်ခိုင်ဒါ အနွယ်ဝင် Ansar Beit al-Maqdis စစ်သွေးကြွ တွေက ဒီရဲရုံးချုပ် တိုက်ခိုက်မှုကို သူတို့ လက်ချက်လို့ ဝန်ခံ ထားပါတယ်။

အရင်လ က အီဂျစ် မြောက်ပိုင်း Mansoura မြို့မှာ ဖြစ်ပွားတဲ့ လူ ၁၆ သေဆုံးတဲ့ လုံခြုံရေး ဌာန ရုံးတရုံး တိုက်ခိုက်မှု ကိုလည်း သူတို့ လက်ချက်လို့ ဒီအဖွဲ့က ကြေညာ ထားပါတယ်။

ဒါပေမဲ့ အီဂျစ် အစိုးရ ကတော့ ဒီတိုက်ခိုက်မှု ကို သူတို့ ဖြုတ်ချ ခဲ့တဲ့ သမ္မတဟောင်း မော်စီရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့လက်ရာလို့ အပြစ်ဖို့ ခဲ့ပါတယ်။

မတရားသင်း ကြေညာ ခံထားရတဲ့ ယခင် အာဏာရ မွတ်ဆလင် ညီနောင်များ အဖွဲ့က ဒီစွပ်စွဲမှုကို ပြင်းပြင်းထန်ထန် ပယ်ချ ခဲ့ပြီး ရှုတ်လည်း ရှုတ်ချ ခဲ့ပါတယ်။

ညီနောင်များ အဖွဲ့ရဲ့ နိုင်ငံရေး လက်ရုံး လွတ်လပ် မျှတမှု ပါတီက မိုဟာမက် ဆူဒန်ကတော့ သူတို့ အဖွဲ့ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ သူတွေမို့ စစ်အာဏာသိမ်းသူတွေက ဖြစ်ဖြစ် ဘယ်သူက ဖြစ်ဖြစ် အကြမ်းဖက်တာကို ပြစ်တင် ရှုတ်ချတယ်လို့ ပြောပါတယ်။

အစိုးရ ဘက်ကလည်း လာမယ့် စနေနေ့မှာ ကျရောက်မယ့် အရင် အာဏာရှင် သမ္မတ မူဘာရက် ကို ဖြုတ်ချခဲ့တဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲ တွေ အတွက် တပ်လှန့်ထားတယ်လို့ ဆိုပါတယ်။

ဒီလို လုံခြုံရေး အကောင်းဆုံး အစိုးရ ဌာနကြီးကို လာပြီး ဖောက်ခွဲရေး လုပ်ခဲ့တာက လုံခြုံရေး အခြေအနေ လျော့ရဲ နေတာကို ပြနေတာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် Orla Guerin က ကိုင်ရိုကနေ ပေးပို့ ပါတယ်။

ပေါက်ကွဲမှု ပမာဏ ကြီးမားပြီး ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ