Homs မြို့ ဒုက္ခသည်တွေကို အမြန် ကယ်ဖို့ တိုက်တွန်း

  • 27 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption စားစရာနဲ့ အကူအညီတွေကို စောင့်ဖို့ အတိုက်အခံက ဆို

ဆီးရီးယား နိုင်ငံ ဟုမ်းစ် Homs မြို့က တိုက်ပွဲတွေကြား ပိတ်မိနေကြတဲ့ ရာနဲ့ချီတဲ့ အရပ်သားတွေကို ကယ်တင်နိုင်ဖို့ စီစဉ်ထားတဲ့ အတိုင်း လုပ်စရာတွေကို အမြန်လုပ်ကြပါလို့ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတို့ ကို ကမ္ဘာ့ ကုလ သမဂ္ဂက တိုက်တွန်း နေပါတယ်။

အစိုးရဘက်က အမျိုးသမီးနဲ့ ကလေးတွေကို မြို့ကနေ ထွက်ခွင့်ပေးမယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် လူတွေ အခု မထွက်ခွာသင့်သေးဘဲ စားစရာနဲ့ ထောက်ပံ့ရေး အကူအညီတွေ ရောက်လာတာကို စောင့်ဖို့ ဂျီနီဗာမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်လာတဲ့ အတိုက်အခံ ကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။

ဟုမ်းစ် Homs မြို့က တိုက်ခိုက်ရေး သူပုန်တွေကတော့ ပိတ်ဆို့ ဝန်းရံထားတာကို အဆုံးသတ်ဖို့ တောင်းဆိုနေပါတယ်။

ဆွေးနွေးပွဲမှာ နှစ်ဘက်ကြား စေ့စပ် ညှိနှိုင်းနေတဲ့ ကုလ သမဂ္ဂ သံတမန် လက်ကဒါဘရာဟီးမီးက အထူးသဖြင့် ကြားဖြတ်အစိုးရ ကိစ္စ အပါ အဝင် ရှေ့ဆက် ဘာလုပ်ကြမယ်ဆိုတာ အစိုးရနဲ့ အတိုက်အခံ နှစ်ဘက် စလုံးက သူ့ကို ကြေညာချက် ပေးကြဖို့ ပြောပါတယ်။