စစ်တပ် တဖန် ပြန်လာ ဦးမလား

  • 28 ဇန်နဝါရီ 2014
Sisi ဓာတ်ပုံ မူပိုင် Getty
Image caption စစ်ခေါင်းဆောင် သမ္မတ အဖြစ် အရွေးခံမယ်

တပ်မတော် စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး အဗ္ဗဒူလ် ဖာတာ အယ်လ် စီစီကို သမ္မတ အဖြစ် အရွေးခံဖို့ တောင်းဆိုသံတွေ ထွက်ပေါ်လာ နေပါတယ်။

သူဟာ မကြာခင်မှာပဲ သမ္မတလောင်း အမည် စာရင်း တင်သွင်းပြီး ဧပြီ လလယ် လုပ်မယ့် ရွေးကောက်ပွဲမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်လောင်းရယ်လို့ ကောင်းကောင်းမရှိဘဲ ဗိုလ်စွဲမယ့် အလား အလာ ရှိနေ တယ်လို့ ဝေဖန် သုံးသပ်သူ အများက မြင်ကြပါတယ်။

၂၀၁၁ ခုနှစ်မှာ စစ်ဘက်ကလာတဲ့ အလွန်မာကျောသော ပုဂ္ဂိုလ်လို့ လူသိများတဲ့ ဟော်စနီမူဘာရက်ကို အီဂျစ်လူမျိုးတွေက တော်လှန်ရေး တရပ် ဆင်နွှဲပြီး ဖြုတ်ချခဲ့ပါတယ်။

အာရပ်နွေဦးဆိုတဲ့ နာမည်နဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အခု ၃ နှစ်ကြာတဲ့အချိန်မှာ စစ်တပ်သေနာပတိချုပ် အဗ္ဗဒူလ် ဖာတာ အယ်လ စီစီကို သမ္မတအဖြစ် အရွေးခံဖို့ တောင်းဆိုသူတွေ ထွက်ပေါ်လာတာဟာ ထူးခြားမှု တခု ဖြစ်ပါတယ်။

စီစီဟာ စစ်ရေး အတွေ့အကြုံများသူတယောက်တော့ မဟုတ်ပါဘူး။

ဒါပေမဲ့ သူဟာ နိုင်ငံရေးနည်းနာတွေကိုတော့ ကျွမ်းကျင် လိမ္မာသူ တယောက် ဖြစ်ကြောင်း ပြီးခဲ့တဲ့ လတ်တလော အဖြစ်အပျက်တွေမှာ သက်သေပြခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ အရွေးကောက်ခံ သမ္မတ မိုဟာမက် မော်စီကို ဖြုတ်ချပြီး သူက အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

မော်စီကို ဖြုတ်ချတဲ့ အာဏာသိမ်းပွဲကို ဦးဆောင်ပြီးနောက်မှာ စီစီဟာ နာမည်ကျော်ကြား ထင်ရှားလာပါတယ်။

သူဟာ လူကြိုက်များ ခေါင်းဆောင်တယောက်ဖြစ်လာပါတယ်။ သူ့ရုပ်ပုံတွေကို မတ်ခွက်တွေပေါ်၊ တီရှတ်တွေပေါ် ၊ ချောကလက်ပေါ်၊ ညဝတ်အင်္ကျီပေါ်တွေမှာ နေရာတကာလိုလို တွေ့လာရပါတယ်။

သူ့ကိုထောက်ခံသူတွေကတော့ သူဟာ စကားပြောညင်သာတဲ့ အရင် စစ်ထောက်လှမ်းရေး အရာရှိဟောင်းဖြစ်တယ်၊ ကြံ့ခိုင်မာကျောတဲ့ ခေါင်းဆောင် တယောက်ဖြစ်တယ်၊ မတည်မငြိမ်ဖြစ်နေတဲ့ အီဂျစ်ကို တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာအောင် စွမ်းဆောင်နိုင်လိမ့်မယ် လို့ ရှုမြင် သုံးသပ်ကြပါတယ်။

သူ့ကို ဝေဖန်သူတွေကတော့ သူဟာ ခေါင်းမာသူ စစ်ခေါင်းဆောင်တယောက်ဖြစ် တယ်။ စစ်တပ်က လူထုကို ဖိနှိပ် တဲ့ အတိတ်ဆိုးဆီ တကျော့ပြန်ပို့ဆောင်ပေးမဲ့ သူဖြစ်တယ်၊ စစ်ထောက်လှမ်းရေးက လူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်မျိုးကို နောက်တဖန်ပြန်ကြုံတွေ့ရလိမ့်ဦးမယ်လို့ ဆိုနေကြပါတယ်။

သူဟာ ကယ်တင်ရှင်ကြီးဖြစ်လာမလား၊ နာမည်ပျက်လူဆိုးစာရင်းဝင်သွားမလား မပြောနိုင်သေးပေမဲ့ ရွေးကောက်ပွဲဝင်ရင် သူအနိုင်ရဖို့ကတော့ သေချာသလောက် ဖြစ်ဖို့များပါတယ်။

ဒါပေမဲ့ သူအောင်ပွဲခံနိုင်ရင်တောင် သူအမွေဆက်ခံရမှာက စည်းလုံးညီညွတ်မှု နက်နက်ရှိုင်းရှိုင်း ပြိုကွဲနေတဲ့ တိုင်းပြည်တပြည်နဲ့ ပျက်စီးယိုယွင်းနေတဲ့ စီးပွားရေးစနစ်ကြီးပါ။

အဲဒီပြဿနာတွေကိုသာ မြန်မြန်ဆန်ဆန်ဖြေရှင်းမပေးနိုင်ခဲ့ရင်တော့ သူဟာလည်း လူထုရဲ့ ဒေါသကို ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိပါတယ်လို့ ဘီဘီစီ သတင်းထောက် အော်လာဂူရင် က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ