ယူကရိန်းမှာ ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ နုတ်ထွက်

  • 29 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝန်ကြီးချုပ် Mykola Azarov

ယူကရိန်းမှာ ဝန်ကြီးချုပ် အဇာရော့ဗ် ရာထူးက နုတ်ထွက်သွားပါပြီ။

ဝန်ကြီးချုပ် ရာထူးက နုတ်ထွက် လိုက်သလို ဆန္ဒပြမှု ဆန့်ကျင်တားမြစ်တဲ့ ဥပဒေကိုလည်း အဆုံးမှာ ပယ်ဖျက်ပေးလိုက်ရပေမဲ့ သမ္မတ ဗစ်တာ ယန်နုကိုဗစ်ချ် အစိုးရကို ဆန့်ကျင် ဆန္ဒပြနေတဲ့ လချီကြာတဲ့ ဆန္ဒပြပွဲတွေကတော့ ရုတ်တရက် ချက်ချင်း ရပ်တန့်သွားစရာ အကြောင်းမမြင်ပါဘူး လို့ အကဲခပ်တွေက ဆိုပါတယ်။

ဒါပေမဲ့ ငလျင်ကြီး လှုပ်ခတ်လိုက်သလို အရှိန်ပြင်းပြင်းနဲ့ ကိုင်လှုပ်ခဲ့တဲ့ ဒီရက်ပိုင်း နိုင်ငံရေး ဂယက်တွေကြောင့် ယူကရိန်းရဲ့ နိုင်ငံရေး မြင်ကွင်းဟာ အပြောင်းအလဲ ဖြစ်ပေါ်လာတော့မှာ မုချဖြစ်ပါတယ်။

တချိန်က ယူကရိန်းမှာ ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ အကျပ်အတည်း အခြေအနေမျိုး ရင်ဆိုင်ခဲ့ရဘူးပါတယ်။

ဝန်ကြီးချုပ်နေရာမှာ ဘယ်သူ့ကို အစားထိုး ခန့်ထားမလဲဆိုတဲ့ အချက်ဟာ အလွန်အရေးပါတဲ့ အဆုံးဖြတ်ပေးမယ့် အချက်တချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် ၃ ယောက်ဟာ သမ္မတ ယန်နူကိုဗစ်ချ်ကို သံသယဝင်နေကြပြီး လမ်းပေါ်တက် ဆန္ဒပြသူတွေကလည်း သမ္မတဘက်က လိုက်လျောမှု ပြသလာပေမဲ့ သူ့ရဲ့ ရိုးသားမှုကိုတော့ သံသယရှိနေကြပါတယ်။