ဘော်စတွန် ဗုံးခွဲသမား သေဒဏ်ပေးဖို့ ရှေ့နေချုပ်လိုလား

  • 31 ဇန်နဝါရီ 2014
Boston marathon bomber Image copyright Getty
Image caption မာရသွန် ပြိုင်ပွဲမှာ ဗုံးခွဲခဲ့မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရ

အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါက ဘော့စတန် မြို့ မာရသွန် အပြေးပြိုင်ပွဲမှာ ဗုံးခွဲ တိုက်ခိုက်ခဲ့သူလို့ စွပ်စွဲ ခံထားရတဲ့ ဂျိုခါ ဆာနာအက်ဖ် ပြစ်မှု ထင်ရှားတယ် ဆိုရင် သေဒဏ် အပြစ်ပေးနိုင်ဖို့ကို သူ ကြိုးပမ်း သွားမယ်လို့ ပြောပါတယ်။

ဂျိုခါ ဆာနာအက်ဖ် ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက မာရသွန် ပန်းဝင်စည်းနားမှာ ဗုံးတွေ ထောင်ခဲ့မှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

အဲဒီဗုံးခွဲမှုအတွင်း လူ၃ဦး သေဆုံးပြီး လူ၂၆၀ကျော် ဒဏ်ရာရ သွားပါတယ်။

ရုရှားက ချီချင် လူမျိုးနွယ် တဦး ဖြစ်တဲ့ ဂျိုခါ ဆာနာအက်ဖ် ကို အမေရိကန်နိုင်ငံ သမိုင်းရဲ့ အကြီးမားဆုံး လူဆိုးဖမ်းပွဲကြီး တခုလို့ ဆိုရမယ့် နှစ်ရက်ကြာ ခြေရာခံ ရှာဖွေမှု အပြီး ဖမ်းဆီးမိခဲ့တာပါ။

နောက်တရားခံတဦး ဖြစ်တဲ့ သူ့အကို တမ်မာလန် ကတော့ သူ့ကို မဖမ်းမိခင် ညမှာပဲ ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိတဲ့ ဆာနာအက်ဖ် အပေါ် စွဲဆိုထားတဲ့ စွဲချက် ပေါင်း ၃၀ ထဲမှာ ၁၇ ခုက အမြင့်ဆုံး သေဒဏ်အထိ ပေးနိုင်တဲ့ စွဲချက်တွေ ဖြစ်ပါတယ်။

သူတို့ ညီအကို ဟာ ၂၀၀၂ ခုနှစ်မှာ ချီချင်ညာ ဒေသက အမေရိကန်ကို ရောက်လာ အခြေချ နေကြသူတွေ ဖြစ်ပြီး အမေရိကန် စစ်တပ်က မူဆလင်နိုင်ငံတွေမှာ စစ်ဆင်နေတာကို လက်စားချေတဲ့ အနေနဲ့ အခုလို တိုက်ခိုက်မှု တွေကို ကြံစည် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

သူ့ကို တရားစီရင်နေတဲ့ မက်ဆာချုးဆက် ပြည်နယ်မှာ သေဒဏ်ကို ဖျက်သိမ်းထားပေမယ့် အခုတော့ သူ့ကို ဖက်ဒရယ် ဥပဒေနဲ့ စီရင်မယ်လို့ သိရပါတယ်။