ဆီးရီးယား ဓာတု လက်နက်ဖျက်ရေး နှောင့်နှေး

  • 31 ဇန်နဝါရီ 2014
Syria weapons ဓာတ်ပုံ မူပိုင် AP
Image caption ဒီနှစ် လယ်မှာ အပြီး ဖျက်သိမ်းပေးရမှာ ဖြစ်ပါတယ်။

ဆီးရီးယားက သူ့မှာ ရှိတဲ့ ဓာတုလက်နက်တွေကို ဖျက်ဆီးပစ်ဖို့ နိုင်ငံတကာ လက်နက်ဖျက်သိမ်းရေး အဖွဲ့တွေကို လွှဲပြောင်းပေးရမယ့် အစီအစဉ်ဟာ အခုဆို သတ်မှတ်ချိန်ထက် အများကြီး နောက်ကျနေပြီလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက မနေ့က သတိပေးလိုက် ပါတယ်။

ဆီးရီးယား အစိုးရက သူ့ပြည်သူတွေကို ဒီ ဓာတု လက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ထွက်လာပြီးတဲ့ နောက်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဆီးရီးယားကို စစ်ဆင်တိုက်ခိုက်ဖို့ လုပ်နေတုန်း ဆီးရီးယားဖက်က လက်နက်တွေ ဖျက်ပေးပါမယ်လို့ ကတိပြုခဲ့လို့ စစ်ပွဲက သီသီလေး ရှောင်လွဲနိုင်ခဲ့တာပါ။

အခုတော့ ဆီးရီးယားဟာ သူ့မှာ ရှိတဲ့ လက်နက်အားလုံးရဲ့ လေးရာခိုင်နှုန်း လောက်ကိုပဲ လွှဲပေးသေးတယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး မစ္စတာ ချပ်ဟေဂယ်က ဆိုပါတယ်။

သတ်မှတ်ချိန်ထက် အရမ်းနောက်ကျ နေတာကို အမေရိကန်က စိုးရိမ်ပါတယ်။ အခုလို ဖြစ်နေတာ ဆီးရီးယား အစိုးရက တမင် သက်သက် အချိန်ဆွဲနေတာလား၊ လုပ်နည်းလုပ်ဟန် မကျွမ်းကျင်လို့လား ဆိုတာတော့ မသိရဘူး၊ ဒါပေမယ့် ဆီးရီးယား အစိုးရက အမြန်ဆုံး ကတိအတိုင်း လုပ်ဖို့ လိုပါတယ်လို့ မစ္စတာ ဟေဂယ်က ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက ရုရှား ကာကွယ်ရေး ဝန်ကြီးကိုလည်း ဖုံးဆက်ပြီး ဒီ ကိစ္စကို ဆွေးနွေးခဲ့တယ်။ တတ်နိုင်သမျှ ဝိုင်းလုပ်ပေးဖို့လည်း မေတ္တာရပ်ခံခဲ့တယ်လို့ဆိုပါတယ်။

နှစ်လယ်မှာ အပြီးဖျက်ရမယ်

ဆီးရီးယားမှာ ဓာတုအဆိပ်ပစ္စည်း တန် ၇၀၀ လောက်ရှိပြီး၊ ဓာတုလက်နက် ထုတ်နိုင်တဲ့ ဓာတု ဆေးဝါးပစ္စည်း ကလည်း တန် ၅၀၀ ကျော်ရှိပါတယ်၊ ဒီ ပစ္စည်းတွေ အားလုံးကို ဒီနှစ် ဇွန်လ ၃၀ ရက် မတိုင်ခင် ဖျက်ဆီးပစ် ရမှာပါ။

ဓာတ်ပုံ မူပိုင် REUTERS
Image caption ဒိန်းမတ်သင်္ဘောနဲ့ ဓာတုပစ္စည်းတွေ သယ်သွားပြီးမှ ဖျက်ဆီးမှာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံထဲမှာ နေရာတွေ ခွဲပြီး သိမ်းထားတဲ့ ဒီလက်နက်တွေကို သူ့ရဲ့ မြေထဲပင်လယ် အစပ်က ဆိပ်ကမ်းမြို့ လာတာကီးယားကို ပို့ပေးရမယ်၊ အဲဒီကမှ ဒိန်းမတ်နဲ့ နော်ဝေးက ကုန်သင်္ဘောတွေနဲ့ အီတလီကို သယ်၊ ပြီးမှ အမေရိကန် စစ်သင်္ဘော တစင်းနဲ့ နိုင်ငံတကာ ရေပြင်ထဲ သယ်သွားပြီး ဖျက်ဆီးပစ်ရမယ့် အစီအစဉ်ပါ။

ဒီအစီအစဉ်ကို ကုလသမဂ္ဂ ထောက်ခံမှုနဲ့ ဖွဲ့စည်း ထားတဲ့ ဓာတုလက်နက် တားဆီးရေးအဖွဲ့ OPCW ရဲ့ ကြီးကြပ်မှုနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခုအထိ ဓာတု ပစ္စည်းတွေအထဲက ဇန်နဝါရီ ၇ ရက်နေ့က တကြိမ်၊ ၂၇ ရက်နေ့က တကြိမ် ၁၆ တန်စီလောက်စီပဲ တင်ပြီး ပို့နိုင်ပါသေးတယ်။

ဒီအတိုင်းဆို သတ်မှတ်တဲ့ ဇွန်လထဲမှာ ပြီးနိုင်ဖို့ မလွယ်ပါဘူး၊ လေ့လာသူတချို့ ကတော့ လက်နက်တွေ အကုန် လွှဲပေးပြီးရင် သူတို့ဘက်မှာ ဆွေးနွေးညှိနှိုင်းစရာ မရှိတော့မှာ စိုးလို့ သမ္မတ အာဆတ်က တမင် အချိန် ဆွဲနေတာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

အခု အခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကိုလည်း ဓာတုလက်နက် တားဆီးရေးအဖွဲ့ အိုပီစီဒဗလျူ အဖွဲ့ဝင်တွေ သည်ဟိဂ်မြို့မှာ ဆွေးနွေးနေကြတာ မပြီးပြတ်သေးလို့ သောကြာနေ့မှာ ဆက်ဆွေးနွေးကြဖို့ ရှိနေပါတယ်။