ယူကရိန်းကို ပေးမယ့်ငွေ ရုရှား ထိန်းထား

  • 30 ဇန်နဝါရီ 2014
Ukraine ဓာတ်ပုံ မူပိုင် Reuters
Image caption ယာနူကိုဗစ်ချ်နဲ့ ပူတင် အကူအညီပေးရေး ဆွေးနွေးခဲ့တုန်းက

ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်နေခဲ့တဲ့ ယူကရိန်းမှာ ဝန်ကြီးချုပ်နဲ့ သူ့အစိုးရအဖွဲ့ တဖွဲ့လုံး နှုတ်ထွက် ပြီးသွားပေမယ့် အတိုက်အခံတွေ ကတော့ သမ္မတ ဗစ်တာ ယာနူကိုဗစ်ချ်ပါ နှုတ်ထွက်ပေးဖို့ ဆက်ပြီး တောင်းဆို နေပါတယ်။ သမ္မတကလည်း လုံးဝ နှုတ်ထွက်မပေးနိုင်ပါဘူးလို့ ပြောနေလို့ အစိုးရရုံးတွေကို ဆန္ဒပြသူတွေက ဆက်သိမ်းပိုက်ထားပါတယ်။

သမ္မတက အတိုက်အခံ ခေါင်းဆောင်တွေကို ဝန်ကြီးချုပ်ရာထူး ကမ်းလှမ်းတာကိုလည်း အတိုက်အခံတွေဖက်က လက်မခံခဲ့လို့ နိုင်ငံရှေ့ရေး မရေမရာ ဖြစ်နေချိန်မှာ ယူကရိန်းအစိုးရရဲ့ အရင်းနှီးဆုံး မိတ်ဆွေကြီး ရုရှားက ယူကရိန်းအစိုးရသစ်မှာ ဘယ်သူတွေ ပါဝင်လာမယ် မသိနိုင်သေးခင် ရုရှားက ကူညီပေးမယ်လို့ ကတိပြုထားတဲ့ ငွေတွေကို မပေးသေးပဲ ထားမယ်လို့ ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ် နှုတ်ထွက်သွားပြီးတဲ့နောက် အခြအနေတွေကို ပြန်သုံးသပ်ဖို့ သမ္မတပူတင်ကို သူ့အကြံပေးတွေက တိုက်တွန်းခဲ့တဲ့ အကြောင်း သမ္မတက ပြောပါတယ်။

အစိုးရအသစ်တက်လာတဲ့ အထိ ခဏစောင့်ကြည့်တာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ရုရှားမှာ ယူကရိန်းနဲ့ ဆက်ဆံရေး အတွက် ငွေ ကြေး အကူအညီတင်မကပဲ ဓာတ်ငွေ့ အရောင်းအဝယ်၊ စက်မှုပိုင်း ဆိုင်ရာ ကဏ္ဍမျိုးစုံ အတွက် အစီအစဉ်တွေ ရှိပါတယ် လို့လည်း သမ္မတ ပူတင်က ဆိုပါတယ်။

အပေးအယူ

တကယ်တော့ ရုရှားက ယူကရိန်းကို အကူအညီပေးတဲ့ အနေနဲ့ ဒေါ်လာ ၁၅ ဘီလီယံလောက် တန်တဲ့ ငွေကြေးစာချုပ်တွေ ဝယ်ပေးမှာပါ။ ဒီ ငွေဟာ စီးပွားရေး အကြပ်အတည်းကြုံနေရတဲ့ ယူကရိန်း အတွက်တော့ သိတ်အရေး ကြီးပါတယ်။ တဖက်က ကြည့်တော့လည်း အခုဆန္ဒပြပွဲတွေ ဖြစ်လာတာက သမ္မတ ယာနူကိုဗစ်ချ်က ဥရောပသမဂ္ဂဖက် မယိမ်းပဲ ရုရှားဖက် ယိမ်းလို့ ရုရှားကလည်း သူ့ကို ဆုချတဲ့ အနေနဲ့ ငွေတွေ ပေးမယ် လို့ ကတိပြုခဲ့တယ်၊ ဒါကို မကြေနပ်တဲ့ အတိုက်အခံတွေက ဆန္ဒပြရာက အခုအခြအနေအထိရောက်လာခဲ့တာပါ။

ဒါကြောင့် ရုရှား အစိုးရအနေနဲ့လည်း အစိုးရသစ်တခုခု တက်လာရင် သူတို့ကို ဆန်ကျင်နေတဲ့ သူတွေ အစိုးရ အဖွဲ့ထဲပါလာ မလား၊ အစိုးရ အသစ် ခေါင်းဆောင် ဖြစ်လာမလား ဆိုတာကို စောင့်ကြည့်ချင် သေးတဲ့အတွက် ငွေတွေ ကို မထုတ်ပေးသေးပဲ ထိန်းထားလိုက်တာလို့ မော်စကို က ဘီဘီစီ သတင်းထောက် စတိဗ် ရိုဇင်ဘတ်က ပြောပါတယ်။

ပြေလည်ဖို့လမ်းစ မနီးသေး

ဓာတ်ပုံ မူပိုင် AP
Image caption ဆန္ဒပြသူတွေကလည်း လျှော့မယ့် ပုံမမြင်

ဗုဒ္ဓဟူးနေ့ညကတော့ ဆန္ဒပြမှုနဲ့ ဆက်စပ်ပြီး ထိန်းသိမ်းခံထားရသူတွေ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ ပါလီမန်က တညီတညွတ်ထဲ ဆုံးဖြတ်ပေးလိုက်ပါပြီ။ ဒါက လည်းနောက်တဆင့် လိုက်လျောလိုက်တဲ့ သဘောဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းကလဲ ဆန္ဒပြမှုတွေကို တားမြစ်ထားတဲ့ ဥပဒေကို ရုပ်သိမ်းပေးခဲ့ပါတယ်။

သမ္မတ ဗစ်တာ ယာနူကိုဗစ်ချ်ကတော့ အစိုးရရုံးတွေကို ဝင်စီးပြီး နေရာယူထားတဲ့ ဆန္ဒပြသူတွေ အရင် ဖယ်ပေးရမယ်လို့ တောင်းဆိုနေ ခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း အားလုံးကို ပေးတာ မဟုတ်ပဲ အမှုတခုချင်းစီကို စိစစ်ပြီးမှ ပေးမယ်လို့ တင်းခဲ့နေခဲ့တာပါ။ အခုတော့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးတဲ့ နေရာမှာ ဘယ်လို အကန့်အသတ်တွေ ပါသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အတိုက်အခံတွေဖက်ကလဲ လျော့ပေါ့ပေးမယ့် ပုံမတွေ့ရသေးလို့ လွတ်လပ်ပြီးစ ယူကရိန်းရဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့တဲ့ လီယိုနစ် ကရာဗ်ချွတ် ကတောင် တိုင်းပြည်ဟာ ပြည်တွင်းစစ် ချောက်ကမ်းပါးထဲကို ကျဖို့ တဲတဲလေးပဲ လိုတော့တယ်လို့ သတိပေးထားပါတယ်။