ထိုင်းရွေးကောက်ပွဲ အကြို ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်

  • 1 ဖေဖော်ဝါရီ 2014
Image caption ဒွန်မောင်း လေဆိပ်နဲ့ မနီး မဝေးမှာရှိတဲ့ လတ်စီ လမ်းမှာ လက်ပစ်ဗုံးနဲ့ပါ ပစ်ခွဲ တိုက်ခိုက်

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်မီ တစ်ရက် အလို စနေနေ့မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၆ ဦး ဒဏ်ရာ ရသွား ပါတယ်။

အစိုးရ ဆန့်ကျင်သူ တွေနဲ့ ထောက်ခံ သူတွေ အကြား ဘန်ကောက် မြို့မှာ ထိပ်တိုက် ရင်ဆိုင်ရာ ကနေ သေနတ်နဲ့ ပစ်ခတ်၊ ဗုံးပစ် တိုက်ခိုက် တာတွေပါ ဖြစ်ပွားခဲ့ တာပါ။

အစိုးရ စီစဉ်ထားတဲ့ တနင်္ဂနွေ ရွေးကောက်ပွဲကို အဓိက အတိုက် အခံ ပါတီက သပိတ်မှောက် ထားပြီး၊ ရွေးကောက် ခံတွေ မပါတဲ့ ကြားဖြတ် ပြည်သူ့ ကောင်စီ မျိုးနဲ့ လက်ရှိ အစိုးရကို အစားထိုး ဖို့ကို အတိုက် အခံတွေက တောင်းဆို ထားပါတယ်။

Image caption ရဲက ၈ ထောင် ရဲအကူ အဖြစ် စစ်တပ်က ၁ဝဝဝဝ လောက် လုံခြုံရေး အကူ လုပ်မှာ ဖြစ်ပါတယ်

ဘန်ကောက်မြို့ မြောက်ဘက် ဒွန်မောင်း လေဆိပ်နဲ့ မနီး မဝေးမှာရှိတဲ့ လတ်စီ လမ်းမှာ အစိုးရကို ဆန့်ကျင် သူတွေနဲ့ အစိုးရကို ထောက်ခံ တဲ့ ရှပ်နီ အဖွဲ့တို့ ထိပ်တိုက် တွေ့ခဲ့ကြ ရာမှာ၊ လက်ပစ်ဗုံးနဲ့ ပေါက်တာ သေနတ်နဲ့ ပစ်တာတွေကြောင့် နှစ်ဘက် စလုံး ဒဏ်ရာ ရသွားကြ ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် တနင်္ဂနွေ နေ့မှာ ဘန်ကောက် မြို့ အပါ အဝင် နယ်မြို့ တချို့မှာ ရွေးကောက်ပွဲ ကို ကန့်ကွက် သူတွေနဲ့ ထောက်ခံ သူတွေ အကြား အကြမ်းဖက် မှုတွေ ဖြစ်နိုင် တယ်လို့ ကျယ်ကျယ် ပြန့်ပြန့် ပြောဆို မှုတွေလည်း ရှိနေ ပါတယ်။ အထူး သဖြင့်တော့ ဘန်ကောက်မြို့ ဆင်ခြေဖုံး အရပ် တွေမှာ ဖြစ်နိုင် တယ်လို့ ခန့်မှန်း ကြပါတယ် ။

တစ်နိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ ၁ သိန်းခွဲ နီးပါး လုံခြုံရေး ယူမှာ ဖြစ်ပြီး ဘန်ကောက် မှာတော့ ရဲက ၈ ထောင် ရဲအကူ အဖြစ် စစ်တပ်က ၁ဝဝဝဝ လောက် လုံခြုံရေး အကူ လုပ်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အတိုက်အခံ ထောက်ခံသူတွေဟာ မဲပြားတွေ ဖြန့်ဝေ နေတာတွေကို လိုက်လံ တားဆီး နေ

တက္ကသိုလ် နိုင်ငံရေး သိပ္ပံ ဌာန တခုက ပညာရှင် ပနိထန်း ဝပ်ထနားယားကောန်း ကတော့ နှစ်ဘက် ညှိလို့မရတာဟာ ပုဂ္ဂိုလ်ရေးတွေလည်း ပါဝင် နေတာ ကြောင့် ဖြစ်တယ်လို့ သူ့အမြင် ကို ပြောပါတယ်။

နောက်ပြီး စစ်တပ်က ဝင်မဖြေရှင်းတာ ကလည်း အစိုးရ ဘက်ကရော ဆန္ဒပြသူတွေ ကပါ ဒီမိုကရေစီ ခိုင်မာရေး တိုးတက်ဖို့ ပြောနေ တာကြောင့်၊ နိုင်ငံရေး နည်းလမ်း အရ ဖြေရှင်း တာက အကောင်းဆုံး ဖြစ်တယ်လို့ စစ်တပ်က မြင်နေပုံ ရတယ်လို့ ဝပ်ထနားယားကောန်းက ပြောပါတယ်။

လက်ရှိ ထိုင်း နိုင်ငံရေး တင်းမာမှုမှာ ဝေဖန်သံတွေ အကြံပြုသံတွေ အများ အပြား ရှိနေ ပေမယ့်လည်း ဘယ်သူက ဘယ်လို ဖြေရှင်း မလဲ ဆိုတာ တိကျတဲ့ အဖြေ တော့ မရှိသေးကြောင်းပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ