အာဖဂန်သမ္မတလောင်း မဲဆွယ်သူတွေကို ပစ်သတ်

  • 2 ဖေဖော်ဝါရီ 2014
afghan ဓာတ်ပုံ မူပိုင်
Image caption အကြမ်းဖက်တိုက်ခိုက်မှုတွေ အများအပြားဖြစ်ဆဲ အာဖဂန်

လာမယ့် ဧပြီလ ၅ ရက်နေ့မှာ လုပ်မယ့် အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲ မှာ သမ္မလောင်းတယောက် အဖြစ် ရွေးကောက်ခံမယ့် သမ္မတလောင်း ဒေါက်တာ အဗ္ဗဒ္ဒူလာ အဗ္ဗဒ္ဒူလာ အတွက် မဲဆွယ် ပေးနေတဲ့ လူ ၂ ယောက် စနေနေ့က ပစ်ခတ် သတ်ဖြတ်တာ ခံလိုက်ရပါတယ်။

သူတို့ မဲဆွယ်တဲ့ ရုံးကနေ အထွက်ကလေးမှာ ပစ်သတ်ခံရတာပါ၊ အာဖဂန် အနောက်ဖက်က မြို့တမြို့ဖြစ်တဲ့ ဟာရက် မြို့မှာဖြစ်ခဲ့တာပါ။ အဲဒီမြို့က အီရန် နယ်စပ်နဲ့နီးတဲ့မြို့ဖြစ်သလို ၁၉၉၀ နှစ်တွေ တဝိုက် မှာ ပြည်တွင်းစစ်ဖြစ်တုန်းက တာလီဘန်တို့ အာဖဂန် တခုလုံးကို မသိမ်းနိုင်ခင် ပထမဆုံး စတင်သိမ်းပိုက် အခြေစိုက် နိုင်တဲ့ မြို့ လည်းဖြစ်ပါတယ်။

အခုလုပ်ကြံသတ်ဖြတ်သူတွေ က ဘယ်သူတွေ ဆိုတာ ကိုတော့ မသိရသေးပေမယ့် တာလီဘန် တွေရဲ့ လက်ချက်ပဲ လို့ သံသယဝင်ကြပါတယ်။

သမ္မတလောင်း အဗ္ဗဒ္ဒူလာ အဗ္ဗဒ္ဒူလာ ဟာ ၂၀၀၉ ခုနှစ်တုန်း က သမ္မတလောင်း ကာဇိုင်းနဲ့ ယှဉ်ခဲ့ပြီး နောက်ပိုင်း မဲညစ်တာတွေ ကို သူစိုးရိမ်တယ်ဆိုပြီး ဒုတိယ အကျော့ မဲပြိုင်တဲ့နေရာ ကနေ ထွက်သွားခဲ့ပါတယ်။ အခုသက်တမ်းအတွက်တော့ သမ္မတ ကာဇိုင်း က ၀င်ပြိုင်မှာမဟုတ် တဲ့ အတွက် သူဟာ အလားအလာကောင်းတဲ့ သမ္မတလောင်းတယောက်ပါ။

သူဟာ အမေရိကန် စစ်တပ်တွေ အာဖဂန်မှာ ဒီနှစ် ၂၀၁၄ ကုန်ပြီး နောက်ပိုင်းမှာ အရေအတွက် ထောင်နဲ့ချီပြီး ဆက်ရှိနေဖို့ အားပေးတဲ့သူပါ။

အမေရိကန် က ဒီနှစ်ကုန်ရင် သူ့တပ်တွေ ထဲက တိုက်ခိုက်ရေး တပ်သားတွေ အာဖဂန် အကုန်ဆုတ်မယ်လို့ ကြေညာပြီးပါပြီ၊ ဒါပေမယ့် အာဖဂန်တပ်တွေ ကို သင်တန်းပေးဖို့၊ အကြံပေးဖို့ အတွက် အမေရိကန် တပ်သား ထောင်နဲ့ ချီပြီး ထားခဲ့ဖို့ က ညှိနှိုင်းနေကြဆဲပါ။

ဒီလို အခြေအနေတွေအောက်မှာ သူ့အတွက် မဲဆွယ်ပေးတဲ့ လှုပ်ရှားဆောင်ရွက်သူ ၂ ယောက် ပစ်သတ်ခံရတာပါ။

သတင်းထောက်တွေ ကတော့ လာမယ့် သမ္မတရွေးကောက်ပွဲ လုံခြုံရေး က တော့ အစိုးရ အတွက် စိန်ခေါ်မှုတွေ တပုံတပင် ကြုံနေရတဲ့ပုံလို့ ပြောကြပါတယ်။

ဒီရွေးကောက်ပွဲမှာ ၁၉၉၀ နှစ်တွေတဝိုက်မှာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ် မှာ ပါခဲ့တဲ့ သူပုန်ခေါင်းဆောင်တွေ ၊ နယ်မြေပိုင် စစ်ဘုရင်တွေ ပါဝင်ကြမယ် ဆိုတဲ့အချက် ကလည်း လုံခြုံရေး အတွက် ပို အခက်အခဲတွေ ကြုံရနိုင်တယ် လို့ တွက်ဆ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ