ရွေးကောက်ပွဲလွန် ထိုင်းနိုင်ငံရေး မပြေလည်နိုင်သေး

  • 3 ဖေဖော်ဝါရီ 2014
ဆန္ဒပြမှုတွေကြားက ထိုင်းရွေးကောက်ပွဲ ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆန္ဒပြမှုတွေကြားက ထိုင်းရွေးကောက်ပွဲ

ထိုင်းနိုင်ငံမှာ ပါလီမန် အထွေထွေ ရွေးကောက်ပွဲကတော့ ကန့်ကွက် ဆန္ဒပြမှု တွေကြားက ပြီးဆုံးသွားပါပြီ။ အရေးပေါ် အခြေအနေ ကြေညာ ထားတဲ့အတွက် နိုင်ငံတဝှမ်း လုံခြုံရေး အင်အား တသိန်း သုံးသောင်းကျော် ချပြီး ကျင်းပခဲ့ပါတယ်။ မဲရုံဖွင့်ဖွင့်ချင်း အာဏာရ ပါတီခေါင်းဆောင် ယင်လပ်က သူ့အိမ်နားက မဲရုံမှာ မဲပေးခဲ့ပါတယ်။

ဒီမိုကရေစီ အခွင့်အရေး ကျင့်သုံးတဲ့အနေနဲ့ လူတွေမဲထွက်ပေးဖို့ အရေးကြီးကြောင်း ဘီဘီစီကို ဝန်ကြီးချုပ် ယင်လပ်က ပြောပါတယ်။ ဆန္ဒပြ ခေါင်းဆောင် ဆူထေ့ ထောင်ဆူဘန်ကတော့ မဲရုံတွေ ပိတ်ခံရလို့ အစိုးရအနေနဲ့ ရလဒ် ကြေညာ နိုင်မှာမဟုတ်ဘူး ဒါကြောင့် ရွေးကောက်ပွဲက အချိန်ကုန်ငွေကုန်တာဘဲ ရှိတယ်လို့ ပြောပါတယ်။

ဘန်ကောက်က မဲရုံပေါင်း၇ထောင်နီးပါးမှာ အတိုက်အခံက မဲရုံ၄၃၀ကျော် မဲမပေးနိုင်အောင် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ တောင်ပိုင်း ၉ခရိုင်လည်း မဲမပေးနိုင်ခဲ့ပါဘူး။

နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက် ဒေသတွေမှာတော့ အနှောက်အယှက် မခံရဘူးလို့ အစိုးရက ပြောပါတယ်။ ဒီဒေသတွေက ယင်လပ်ကို အများစု ထောက်ခံကြပြီး တောင်ပိုင်းကတော့ သပိတ်မှောက်နေတဲ့ အတိုက်အခံ ဒီမိုကရက်ပါတီရဲ့ အမာခံ ဒေသဖြစ်ပါတယ်။

အမတ်လောင်းမဲစာရင်း မှတ်ပုံတင်မှုတွေ အနှောက်အယှက် ခံရလို့ ရွေးကောက်ပွဲကို ယင်လပ်နိုင်ရင်တောင် ပါလီမန်မှာ အစိုးရပေါ်လစီချဖို့ လုံလောက်တဲ့ အမတ် မရနိုင်ပါဘူး။

အတိုက်အခံတို့က ရွေးကောက်ပွဲ တရားဝင်မှုကို ဥပဒေအရ ရင်ဆိုင်ကြဦးမှာပါ။

နောက်တခါ ယင်လပ်ရဲ့ ပါတီဖျက်သိမ်းဖို့ အတွက် အမှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဆန္ဒပြသူတွေရဲ့မဟာမိတ် ဒီမိုကရက် ပါတီကတော့ ပါလီမန်မှာ အများစုအနိုင်မရတာ အနှစ်၂၀ ကျော်သွားပါပြီ။

ဒီပါတီဝင်အများစုက ရွေးကောက်တာမဟုတ်တဲ့ ပြည်သူ့ကောင်စီနဲ့ အစိုးရကို အစားထိုးပြီး နိုင်ငံရေးကို အကြီးအကျယ် ပြုပြင်ချင်တာဖြစ်ပါတယ်။ ဒီတော့ ရွေးကောက်ပွဲ နောက်ပိုင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းဟာ ဖြေရှင်းနိုင်မယ့်ပုံ မပေါ်သေးဘူးလို့ ဘန်ကောက်ရှိ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ