ထိုင်းရွေးကောက်ပွဲ အပြီးသတ်

  • 2 ဖေဖော်ဝါရီ 2014
thai ဓာတ်ပုံ မူပိုင် BBC World Service
Image caption အစိုးရ ဆန့်ကျင်သူတွေက တားဆီးခဲ့

အဓိက အတိုက်အခံ ဒီမိုကရက် ပါတီက သပိတ်မှောက်ထားတဲ့ ထိုင်း ရွေးကောက်ပွဲ အတွင်း ဘန်ကောက် မဲ ဆန္ဒနယ် တချို့နဲ့ ထိုင်းတောင်ပိုင်း မှာ ဟန့်တား နှောင့်ယှက်မှု တွေ ရှိခဲ့ပါတယ်။

နိုင်ငံရဲ့ မဲရုံ ၈၉ ရာနှုန်း ပုံမှန် အတိုင်း လည်ပတ် နိုင်ခဲ့တယ်လို့ အာဏာပိုင် တွေက ဆိုပါတယ်။

ဒါပေမဲ့လည်း အတိုက်အခံ အားအကောင်း ဆုံး ဖြစ်တဲ့ တောင်ပိုင်း ခရိုင် ၉ ခု မှာတော့ လုံးဝ မဲပေးမှု မရှိခဲ့ပါဘူး။

လူထုက ဒီမိုကရေစီကို ဆက်ကျင့်သုံးမှာ ဖြစ်ကြောင်း ဒီရွေးကောက်ပွဲ တွေက ပြနေတယ်လို့လည်း ထိုင်းဝန်ကြီးချုပ် ရင်လတ် ချင်နာဝပ်က ဘီဘီစီကို ပြောကြား ပါတယ်။

အာဏာရ ဖုယာထိုင်း ပါတီ ဥက္ကဋ္ဌနဲ့ ပြည်ထဲရေးဝန်ကြီး ကျာရုဖုံး ရူးယန်းစူဝမ်း ကတော့ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ပြန်လုပ်ရမယ်၊ သူတို့ပါတီက အစိုးရ ဖွဲ့နိုင်ရင် ပြုပြင် ပြောင်းလဲရေး တနှစ်အတွင်း လုပ်ဆောင်ပြီး ရွေးကောက်ပွဲ အသစ် ပြန်လုပ်မယ်လို့ ပြောကြား ခဲ့ပါတယ်။

လွှတ်တော် ခေါ်နိုင်ရေးနဲ့ အစိုးရဖွဲ့နိုင်ရေးက အနည်းဆုံး ၃ လကနေ ၆ လအထိ ကြာမြင့်နိုင်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောကြား ထားပါတယ်။

အတိုက်အခံ လိုလားသူ တွေက အစိုးရကို ဖြုတ်ချပြီး အရွေးကောက်မခံတဲ့ ကောင်စီ နဲ့ အစားထိုးဖို့ လတွေနဲ့ ချီပြီး နိုင်ငံရေး တင်းမာမှု တွေ ဖြစ်ပွား နေတဲ့ ကြားက ဒီရွေးကောက်ပွဲကို ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ နှောင့်ယှက်မှု တွေကြောင့် အစိုးရ လုပ်ငန်းတွေ ပုံမှန် အတိုင်း ဆက်သွားဖို့ ခက်ခဲမယ် လို့ တွက်ဆ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ