ကိုရီးယား မိသားစုတွေ ပြန်ဆုံဖို့ အစီအစဉ် ပြန်စမယ်

  • 5 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မိသားစုတွေ ပြန်ဆုံဖို့ အစီအစဉ် ပြန်စဖို့ သဘောတူညီမှုရ

တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော် ကိုရီးယားစစ်ပွဲ ကတည်းက ကွဲကွာနေခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ မိသားစုတွေကို ပြန်လည် တွေ့ဆုံခွင့် ပေးရေး အစီအစဉ် ပြန်လည် စတင်ဖို့ အတွက် နှစ်ဘက်စလုံးက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံး အကြော့ အစည်းအဝေးတွေကို ဒီလကုန်မှာ နှစ်နိုင်ငံ နယ်ခြား မြောက်ဘက်က ကင်ဂမ်း တောင် အပန်းဖြေ စခန်းမှာ ပြုလုပ်ဖို့ ရှိပါတယ်။

မိသားစုတွေ ပြန်လည် ဆုံဆည်းခွင့်ပေးတဲ့ အစီအစဉ်တွေဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက နိုင်ငံအကြား ဆက်ဆံရေး မပြေမလည် ဖြစ်ရာကနေ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးတွေ နှစ်ပေါင်းများစွာ ဆိုးဝါးနေပြီးနောက် ပြုံယမ်းနဲ့ ဆိုလ်း တို့အကြား ပူးပေါင်း ဆောင်ရွက်ဖို့ အခုလို သဘောတူညီချက်ဟာ ရှားပါးလှတဲ့ ဖြစ်ရပ်တခု ဖြစ်ကြောင်း တောင်ကိုရီးယားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် တောင်နဲ့မြောက် နှစ်ဘက်အကြား ပိုမို နွေးထွေးတဲ့ ဆက်ဆံရေးကို အလွယ်တကူ ပြန်တည်ဆောက်နိုင်ပါ့မလား ဆိုတာကိုတော့ အများက သံသယ ရှိနေကြဆဲပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ