တာလီဘန်နဲ့ ဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ အစိုးရမျှော်လင့်

Image caption တာလီဘန်ဖက်က ကိုယ်စားလှယ်တွေ

ပါကစ္စတန် နိုင်ငံမှာ လာမယ့် ရက်ပိုင်းတွေ အတွင်း တာလီဘန်တွေနဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အစိုးရဖက်က ညှိနှိုင်းရေးမှူး Rahimullah Yousafzai က ပြောပါတယ်။

မနေ့က အင်္ဂါနေ့တုန်းက တွေ့ဖို့ စီစဉ်ထားတာကို အစိုးရဖက်က ဥပက္ခာ ပြုခဲ့တဲ့ အပေါ် တာလီဘန်တွေဖက်က အကြီးအကျယ် ထွက်နေချိန်မှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

တာလီဘန် ကိုယ်စားလှယ် အဖွဲ့ဟာ တကယ် တာလီဘန်တွေကို ကိုယ်စားပြုတယ် ဆိုတာကို သိရတဲ့ အတွက် ကျေနပ်မိတယ်လို့ အစိုးရဖက်က ညှိနှိုင်းရေးမှူး Rahimullah Yousafzai က ဘီဘီစီကို ပြောပါတယ်။

မနေ့က တွေ့ဖို့ စီစဉ်ထားတဲ့ ပဏာမ ဆွေးနွေးပွဲကို အစိုးရ အဖွဲ့က မတက်ရောက်ခဲ့တာနဲ့ ပတ်သက်လို့ ဖြေရှင်းချက် တောင်းခံနေချိန်မှာ တာလီဘန် ဖက်ကတော့ အခြေအနေဟာ တခုခု ဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ပါကစ္စတန်က အရပ်သားတွေ နေထိုင်ရာ နေရာတွေမှာ သီးခြားပေါက်ကွဲမှု နှစ်ခု ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူကိုးယောက် သေဆုံးသွားပါတယ်။

ပါရှဝါ မြို့က လူနည်းစု ရှီးယား မွတ်ဆလင်တွေရဲ့ ဗလီနားမှာ မှောင်စပျိုးချိန် အတွင်း အသေခံ ဗုံးသမားက သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာကြောင့် လူရှစ်ယောက် သေဆုံးသွားပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီး နာရီပိုင်း အကြာ ကရာချိမြို့နားက လမ်းချော်သွားတဲ့ အဝေးပြေး ရထားလမ်းပေါ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူတယောက် သေဆုံးကာ သုံးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပါကစ္စတန် တာလီဘန်တွေက ဒီအသေခံ ဗုံးခွဲ တိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။