သုံးရက်ကြာ အပစ်ရပ်ထားဖို့ အစိုးရနဲ့ သူပုန်တွေ သဘောတူ

  • 10 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မနေ့က ကယ်ထုတ်လာတဲ့ ဒုက္ခသည်တွေ

ဆီးရီးယား နိုင်ငံ ဟုမ်းစ်က ဒေသခံ အများအပြားကို ကယ်ထုတ်နိုင်အောင် သုံးရက်ကြာ ထပ်မံ အပစ်ရပ်ထားဖို့ အစိုးရနဲ့ သူပုန်တပ် နှစ်ဖက်စလုံးက သဘောတူခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မနေ့က တနင်္လာနေ့တုန်းက အဲဒီမြို့ကနေ လူ ၄၅ဝ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် မြို့တွင်းမှာ အခြေအနေ ဆိုးရွားနေတာကြောင့် လူမှုကယ်ဆယ်ရေး အဖွဲ့တွေက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ မြို့ထဲကို ပို့ဆောင် ပေးချင်နေတာ ဖြစ်ပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ဒုတိယ အကြိမ် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ အခုလို အပစ်ရပ်ရေး ရက်တိုးဖို့ သဘောတူချက် ရခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ ရလဒ်တွေကြောင့် အစိုးရ တပ်တွေ ဝိုင်းခံထားရတဲ့ မြို့ထဲက လူနှစ်သိန်းခွဲ ဆီကို လူမှုကယ်ဆယ်ရေး အကူအညီတွေ ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ လူမှုကယ်ဆယ်ရေး အဖွဲ့ အကြီးအကဲ ဗလာရီ အေးမိုးစ်က ပြောပါတယ်။