ဒေလီ ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်

  • 15 ဖေဖော်ဝါရီ 2014
အာဗင် ကေဂျရီဝါးလ် ဓာတ်ပုံ မူပိုင် Reuters
Image caption အကျင့်ပျက်မှုတိုက်ဖျက်ရေး ချန်ပီယံလို့ သူ့ကို မြင်ကြ

အိန္ဒိယမှာတော့ လူကြိုက်များတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက် ဒေလီမြိုတော်ရဲ့ ဝန်ကြီးချုပ် ရာထူးရတာ တလခွဲပဲ ရှိသေးချိန်မှာ နှုတ်ထွက်လိုက်ပါပြီ။

သူကတော့ အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး အစွမ်းကုန် လုပ်မယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ သာမန်လူပါတီ လို့ခေါ်တဲ့ ပါတီရဲ့ ခေါင်းဆောင် အာဗင် ကေဂျရီဝါးလ်ပါ။

မနှစ်က နှစ်ကုန်ပိုင်းလောက်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ နိုင်လိုက်တာကို အဲဒီတုန်းက အိန္ဒိယတဝန်း အများကြီး အံ့သြခဲ့ကြပါတယ်။အင်အားကြီး ပါတီကြီးတွေကို ကျော်ဖြတ်ပြီး သူ့လို ပါတီသစ်ကလေးရဲ့ ခေါင်းဆောင်က နိုင်သွားလို့ပါ။

သူ အခုလို နှုတ်ထွက်လိုက်ရတာက ဒေလီအတွက် အကျင့်ပျက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို တင်ဖို့ ကြိုးစားတဲ့ အခါ ပါတီကြီးတွေဖြစ်တဲ့ ဘီဂျေပီနဲ့ ကွန်ဂရက်က အမတ်တွေက တားဆီးခဲ့လို့ လို့ဆိုပါတယ်။

အဲဒီအမတ်တွေကတော့ ပြည်နယ်အတွက် အခုလို ဥပဒေကြမ်းကို ဖက်ဒရယ်အစိုးရ ခွင့်ပြုချက်မရှိပဲ ပြဌာန်းလို့ မရဘူးဆိုပြီး ပိတ်ပင်ခဲ့တာပါ။ အခြေခံဥပဒေမှာလဲ ဒီလို လုပ်ပိုင်ခွင့် ပြဌာန်းထားတာ မရှိဘူးလို့ သူကတော့ ဆိုကြပါတယ်။

မစ္စတာ ကေဂျရီဝါးလ်ကတော့ အခြေခံဥပဒေထဲမှာ အဲဒီလို တားမြစ်ထားတာ မရှိပါဘူးလို့ တုန့်ပြန်ပါတယ်။ သူက သူတင်ချင်တဲ့ ဥပဒေကြမ်း အကောင်အထည်မပေါ်ရင် နှုတ်ထွက်မယ်လို့ ကြေငြာထားတဲ့ အတိုင်း နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။

သူ့ ဥပဒေကြမ်းက အကျင့်ပျက် လာဘ်စားတယ်လို့ သံသယဖြစ်စရာ နိုင်ငံရေးသမားတွေ၊ ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးနိုင်တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့တခု ဖွဲ့ဖို့ ဖြစ်ပါတယ်။ မစ္စတာ ကေဂျရီဝါးလ်ဟာ အသက် ၄၅ နှစ်ပဲ ရှိသေးပြီး သူ ဒေလီမြို့ အစိုးရအကြီးအကဲ ဖြစ်လာတော့လဲ သူ့ရဲ့ အုပ်ချုပ်ပုံ စတိုင်ဟာ ထူးခြား ပြောစမှတ်ပြုစရာ ဖြစ်ခဲ့ပါတယ်။ လူပြော အများဆုံး အဖြစ် တခုကတော့ မြို့တော်ရဲ့ ရဲအဖွဲ့ကို သူ့ အာဏာ ပိုသက်ရောက်အောင် ပေးဖို့ တောင်းဆို ဆန္ဒပြတဲ့ အနေနဲ့ လမ်းပေါ်မှာ ထွက်ပြီး နှစ်ရက် အိပ်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ သူဟာ မြို့တော်အစိုးရ အကြီးအကဲ အဖြစ်က နှုတ်ထွက် လိုက်ပေမယ့် နိုင်ငံရေးက ပျောက်သွားမှာ မဟုတ်ပဲ ရှေ့တလှမ်းတိုးတဲ့ အနေနဲ့ လာမယ့် လပိုင်းတွေမှာ လုပ်မယ့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်လိုက်တာ ဖြစ်နိုင်တယ် လို့လည်း ဒေလီက ဘီဘီစီ သတင်းထောက် ဆန်ဂျိုင်း မဂျွမ်းဒါးက သုံးသပ်ပါတယ်။