ဆီးရီးယား ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံး

  • 15 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP

ဆီးရီးယား နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စနေနေ့က ဂျီနီဗာမှာ ပြန်လည် စတင်ခဲ့ရာ ဘာမှ တိုးတက်မှု မရှိဘဲ အဆုံးသတ်သွား တာကြောင့် ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Lakhdar Brahimi က ဆီးရီးယား ပြည်သူတွေကို တောင်းပန် လိုက်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ နှစ်ဘက် ကိုယ်စားလှယ်တွေ တဘက်နဲ့ တဘက် အပြန် အလှန် စွပ်စွဲ ပြောဆို နေကြ တာတွေ နဲ့ဘဲ အချိန်ကုန် နေပြီး၊ အတိုက် အခံ တွေ ဘက်က တောင်းဆိုချက် တွေကို အစိုးရ ဘက်က သဘာဝ မကျတဲ့ တောင်းဆို ချက်တွေလို့ ပြောခဲ့ပါတယ်။

ဆီးရီးယားမှာ ၂၀၁၁ ခုနှစ် မတ်လ ကတည်းက စခဲ့တဲ့ နိုင်ငံရေး မတည် မငြိမ်မှုတွေ အတွင်း လူ တသိန်းကျော် သေဆုံးခဲ့ရပြီး လူ ပေါင်း ၉ သန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လူ တသိန်းကျော် သေဆုံးခဲ့ရပြီး လူ ပေါင်း ၉ သန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြရ

အခု လုပ်နေတဲ့ ဆွေးနွေးပွဲ ဟာလည်း မအောင်မြင် တာကြောင့် တတိယ အကြိမ် ထပ်ဆွေးနွေး ဖို့ကိုတော့ သဘောတူ ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တတိယ အကြိမ် ဆွေးနွေးပွဲ ဘယ်တော့ လုပ်မယ် ဆိုတဲ့ ရက်ကို မစ္စတာ ဘရာဟီမီ သတ်မှတ် နိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

စောစောပိုင်း ကတော့ အမေရိကန်နဲ့ ရုရှ အရာရှိတွေက ဆွေးနွေးပွဲမှာ အခြေ အနေတွေ တိုးတက်အောင် သူတို့ ကြိုးစားမယ်လို့ သူ့ကို အာမခံ ခဲ့ကြောင်း မစ္စတာ ဘရာဟီမီက ပြောကြားခဲ့ ပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်ကတော့ နှစ်ဘက် စလုံးက သူတို့ရဲ့ မတူတဲ့ အမြင်တွေကို တစားပွဲ ထဲထိုင် ဖလှယ် ခဲ့ကြပြီး အပစ် အခတ် ရပ်စဲရေးနဲ့ အကျဉ်းသား အပြန် အလှန် လဲလှယ်ရေး တွေလိုမျိုး ကိစ္စရပ် တွေကို ဆွေးနွေး ခဲ့ကြပေမယ့် အခုတော့ ကိစ္စရပ် တခုလောက်ကို သဘောတူညီမှု မရနိုင် ဖြစ်နေကြ ပါတယ်။

အခုအချိန်မှာ ကုလသမဂ္ဂ အနေနဲ့ အကောင်းဆုံး လုပ်နိုင်တာက နှစ်ဘက် ကိုယ်စားလှယ်တွေကို နောက်ထပ် ကြိုးစားညှိနှိုင်းကြဖို့ နောက်တကြိမ် ဂျီနီဗှာကို ပြန်လာကြအောင် စည်းရုံးဖို့ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင်
Image caption တတိယ အကြိမ် ထပ်ဆွေးနွေး ဖို့ကိုတော့ သဘော တူခဲ့

အရင် ဆွေးနွေး ပွဲတွေက ရခဲ့တဲ့ တခုတည်းသော သဘောတူ ညီချက် ကတော့ ပိတ်ဆို့ ထားတဲ့ ဟုမ်းစ် မြို့ကနေ အရပ်သားတွေကို ထွက်သွား ခွင့်ပြုရေးနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးပို့ခွင့် ရရေး ဖြစ်ပါတယ်။

ဆီးရီးယားမှာ ရှိတဲ့ လူအများ အပြား ကတော့ ၂ ကြိမ် ဆွေးနွေးပွဲမှာ ဘာမှ မယ်မယ် ရရ အောင်မြင်မှု မရတာကြောင့် တတိယ အကြိမ် လုပ်ရင်လဲ ဘာမှ အဓိပ္ပါယ် ရှိမှာ မဟုတ်ဘူးလို့ မြင်နေ ကြကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အစိုးရဘက်က သူတို့ အခေါ် အကြမ်း ဖက်ဝါဒ ကို တိုက်ဖျက် လိုတယ်လို့ အခိုင် အမာ ပြောနေ သလို အတိုက် အခံတွေ ဘက်ကလည်း ရွေးကောက်ပွဲ မကျင်းပ ခင် နိုင်ငံကို အုပ်ချုပ်မယ့် ကြားဖြတ် အစိုးရ တရပ် လိုတယ်လို့ ပြောနေကြတာဟာ ၂ ဘက် ညှိမရတဲ့ အဓိက အကြောင်းလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ