နိုင်ဂျီးရီးယား မြောက်ပိုင်း လူအစုလိုက် အပြုံလိုက် သတ်မှုဖြစ်

  • 17 ဖေဖော်ဝါရီ 2014
ဘိုကို ဟာရမ် အစ္စလမ် လက်နက်ကိုင်အဖွဲ့များ ဓာတ်ပုံ မူပိုင် AFP
Image caption ဘိုကို ဟာရမ် အစ္စလမ် လက်နက်ကိုင်အဖွဲ့များ

နိုင်ငံအရှေ့မြောက် Izghe မြို့က ထွက်ပြေးလွတ်မြောက် လာသူတွေရဲ့ အပြောအရ အမျိုးသား၃၀ လောက်ကို ဝိုင်းပိတ်ပြီး ပစ်သတ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။ အဲဒီနောက် တအိမ်တက်ဆင်း အထူးသဖြင့် အမျိုးသားတွေကို ပစ်သတ်ပါတယ်။ အချို့ကိုတော့ လည်လှီးပြီး သတ်ပါတယ်။

စုစုပေါင်း ၁၀၆ယောက်သေတယ်လို့ လွှတ်တော်အမတ် Mohammad Ali Ndume ကဘီဘီစီကိုပြောပါတယ်။

လွန်ခဲ့တဲ့ ၄ရက်ကလည်း ဘိုကို ဟာရမ်တွေရဲ့ လက်ချက်နဲ့ အခြားတိုက်ခိုက်မှုမှာ လူပေါင်း၃၉ယောက် သေဆုံးခဲ့ပါတယ်။

နိုင်ဂျီးရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ အစိုးရ စစ်တပ်က နေရာတကာ မရောက်နိုင်ဘဲ အစ္စလမ် လက်နက်ကိုင်တွေကတော့ တနေရာနဲ့တနေလျာ ရွှေ့ပြောင်းနေတာလို့ ဘီဘီစီကို ပြောပါတယ်။ စစ်သွေးကြွတွေရဲ့ စခန်းတွေ ဖျက်ဆီးခံလိုက်ရလို့ သူတို့ဖက်က အခြေအနေ အတော်ဆိုးနေတာလို့လည်း စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

အခု အတိုက်ခံရတဲ့မြို့ဟာ စစ်သွေးကြွတွေ ပုန်းအောင်းတဲတောတောင်ထူထပ်တဲ့ ပြည်နယ် ၂ခုရဲ့နယ်စပ်နားမှာရှိပါတယ်။ အခုနှစ်ဆန်း ၁လခွဲ လောက်အတွင်း ဘိုကိုဟာရမ်တို့ရဲ့ တိုက်ခိုက်မှုကြီးတွေကြောင့် လူပေါင်း ၂၅၀လောက် သေဆုံးခဲ့ရပြီလို့ ဒေသတွင်း ဘီဘီစီသတင်းထောက်က သတင်းပေးပို့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ