မြောက်ကိုရီးယား ကြမ်းကြုတ်မှု အစီရင်ခံစာထွက်

  • 17 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မြောက်ကိုရီးယား ပြည်သူတွေ ဆိုးရွားလွန်းတဲ့ ရက်စက်မှုတွေ ခံစားနေကြရဟု ဆို

ကုလသမဂ္ဂ အဖွဲ့က မြောက်ကိုရီးယား အစိုးရဟာ သူ့ ပြည်သူတွေ အပေါ်မှာ ရက်စက် ကြမ်းကြုတ်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး ဒီကိစ္စတွေ အတွက် တိုင်းပြည်ရဲ့ ခေါင်းဆောင် Kim Jong-un မှာ တာဝန် ရှိတယ်လို့ ပုဂ္ဂိုလ်ရေးရာ စာတစ်စောင်ကိုလည်း ရေးသား ပေးပို့ခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံမှာ ထုတ်ဖော် ပြောရက်စရာ မရှိအောင် ဆိုးရွားလွန်းလှတဲ့ အစိုးရရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ပြည်သူတွေ ခံစားနေကြရတယ် ဆိုတာ မီးမောင်းထိုးပြတဲ့ အစီရင်ခံစာ တစ်စောင်ကို ကုလသမဂ္ဂက ထုတ်ပြန်လိုက်တာပါ။

လူ့အခွင့်အရေး စုံစမ်း စစ်ဆေးသူတွေက မြောက်ကိုရီးယား ထိပ်တန်း ခေါင်းဆောင်တွေဟာ နှိပ်စက် ညှဉ်းပမ်းမှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အစာရေစာ ငတ်မွတ်အောင် လုပ်မှုတို့ကြောင့် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲဆို ခံရနိုင်တယ်လို့ ပြောကြပါတယ်။

တစ်ကမ္ဘာလုံးက အရေးယူဆောင်ရွက်ဖို့ လိုပြီဆိုတာ ယုံကြည်ရလောက်တဲ့ စနစ်တကျ ရက်စက်တဲ့ ကျူးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ် ဆိုတာ တွေ့ရှိခဲ့ရတယ်လို့ တစ်နှစ်တာ ကြာအောင် လေ့လာ စုံစမ်းမှုတွေ လုပ်ခဲ့တဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အကျဉ်းစခန်းထဲက အမျိုးသမီး တစ်ယောက် ဆိုရင် သူ့မွေးထားတဲ့ ကလေးကို ကိုယ်တိုင် ရေနှစ်သတ်ဖို့ ဖိအားပေး ခံခဲ့ရတယ်လို့ ထွက်ချက်ပေးခဲ့ပါတယ်။ အကျဉ်းစခန်းတွေထဲမှာ မွေးတဲ့ ကလေးတွေဟာလည်း အဲဒီ ထောင်တွေထဲမှာပဲ နေကြရပြီး အစာရေစာ ငတ်ပြတ်နေခဲ့ကြတာ တွေ့ရှိရပါတယ်။

အစီရင်ခံစာ ရေးသားတဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ David Hawk က မြောက်ကိုရီးယားရဲ့ နိုင်ငံရေး အကျဉ်းချမှုတွေနဲ့ ပတ်သက်ပြီး ပထမဆုံး အကြိမ် ပြည့်ပြည့်စုံစုံ ထုတ်ပြန်လိုက်တာပါ။ အရင်က အစီရင်ခံစာတွေထက်လည်း ပို ထူးခြားတယ်လို့ ပြောပါတယ်။

တရားရေး ပညာရှင်တွေ၊ လူ့အခွင့်အရေး လုပ်ဆောင်နေတဲ့ ရှေ့နေတွေ၊ ပညာရှင်တွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေက မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာပြီး ရက်စက် ကြမ်းကြုတ်တဲ့ ပြစ်မှု ကျူးလွန်ခဲ့တယ်လို့ ကောက်ချက် ချခဲ့ကြပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အစိုးရတွေရဲ့ ပန်ကြားချက်နဲ့ ကုလသမဂ္ဂက ခန့်ထားတဲ့ လေးစားလောက်ဖွယ် လူ သုံးယောက်က ဦးဆောင်ပြီး အဖွဲ့ဝင် ဆယ်ယောက်ကျော်နဲ့ စုံစမ်း လေ့လာခဲ့ကြတာပါလို့ အစီရင်ခံစာ ရေးသားတဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ David Hawk က ပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံကတော့ စုံစမ်း စစ်ဆေးသူတွေကို ၀င်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူတို့ နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဘူးလို့ ပြောဆိုပြီး စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ