ဗင်နီဇွဲလား ဆန္ဒပြပွဲ အမေရိကန် စွက်ဖက်မှု မရှိကြောင်းငြင်းဆို

  • 18 ဖေဖော်ဝါရီ 2014
Venezuela ဓာတ်ပုံ မူပိုင် AP
Image caption ဗင်နီဇွဲလား ဆန္ဒပြပွဲ လူ ၃ ယောက်သေဆုံး

ဗင်နီဇွဲလားနိုင်ငံရဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို အမေရိကန် ပြည်ထောင်စုက အားပေး ကူညီ နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချလိုက်ပါတယ်။

အမေရိကန် သံတမန် ၃ ယောက်ကို ဗင်နီဇွဲလား အစိုးရက တနင်းဂနွေနေ့တုန်းက တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။ သူတို၌ဟာ အစိုးရဆန့်ကျင်ရေးချီတက်ပွဲကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ တွေ့ဆုံကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နှင်ထုတ် ခဲ့တာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြို့တော်ကာရာကတ်စ်မှာ ဒီနေ့ အင်္ဂါနေ့မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲကိုလည်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကာရာကတ်စ် မြို့တော်၀န်က ပြောပါတယ်။

အမေရိကန် အစိုးရကတော့ ဗင်နီဇွဲလားရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ ပြောဆိုပြီး ပယ်ချခဲ့ပါတယ်။

အမေရိကန်ဟာ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ထောက်ခံတယ်။ လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေကို ထောက်ခံတယ်။ ဒီမူကို တကမ္ဘာလုံးမှာ ကျင့်သုံးသလို ဗင်နီဇွဲလားမှာလည်း အလားတူပဲ ကျင့်သုံးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် Jan Psaki ဂျန်ဆာ့ကီး ကဆိုပါတယ်။

ဒီနေ့ အင်္ဂါနေ့မှာ ဆန္ဒပြပွဲကို အာဏာပိုင်တွေဘက်က ခွင့်မပြုဘူးလို့ ဆိုနေပေမဲ့ ဆန္ဒပြသူတွေကတော့ ဆက်လက် ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။