ယူကရိန်း ပဋိပက္ခ ဆက်လက် အရှိန်မြင့်

  • 19 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ၂၄ နာရီအတွင်း သေဆုံးသူ ၂၅ ဦး အထိ ရှိသွားပြီ

ယူကရိန်းနိုင်ငံ ကိယက်ဗ် မြို့လယ် လွတ်လပ်ရေး ရင်ပြင်ကနေ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ လက်လျှော့ အရှုံးပေး ထွက်ခွာသွားမယ့် အလားအလာ မရှိဘူးလို့ အတိုက်အခံ ခေါင်းဆောင်တွေက ပြောပါတယ်။

မြို့တော် ကိယက်ဗ်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲကနေ နောက်ထပ် ဆက်ပြီး ဖြိုခွဲခဲ့ရာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၂၅ ဦး အထိ ရှိသွားပြီလည်း ဖြစ် ပါတယ်။

သမ္မတ ဗစ်တာ ယန်နုကိုဗစ်ချ် ကတော့ ဒါဟာ အတိုက်အခံ တွေကြောင့် ဖြစ်ရတာလို့ ပြစ်တင် ပြောဆိုပါတယ်။

အကြမ်းဖက်မှုတွေဟာ တခြား မြို့တွေကိုလည်း ပြန့်နှံ့သွားပြီး နိုင်ငံ အနောက်ဘက်က လဗိမြို့မှာ အစိုးရ ဆန့်ကျင်သူတွေက ရဲဌာနချုပ်ကို ဝင်စီးပြီး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ကြပါတယ်။

တာနိုပီ မြို့မှာလည်း အစိုးရ အဆောက်အဦးတွေကို ဆန္ဒပြသူတွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အရှေ့ဘက်ပိုင်းတွေမှာတော့ အတိုက်အခံတွေရဲ့ ပါတီရုံးတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။

နောက်ဆုံး အခြေအနေအရ အစိုးရက စစ်တပ် လေထီးတပ်ဖွဲ့တွေကို မြို့တော် ကိယက်ဗ်ကို ပို့ဆောင်နေပါတယ်။

စစ်ဖက်ဆိုင်ရာ အဆောက်အဦးတွေနဲ့ လက်နက် သိုလှောင်ရုံတွေကို ကာကွယ်ဖို့ ဒီ လေထီး တပ်ဖွဲ့တွေကို နိုင်ငံ အရှေ့ပိုင်း ဒနီပရို ပရိုဗ်ခ် မြို့ကနေ ပို့ဆောင်တာလို့ ကာကွယ်ရေး ဝန်ကြီး ပက်ဗလို လီဘီဒက်ဗ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ