ဝန်ကြီးချုပ်ဟောင်း တီမိုရှန်းကိုး အပေါ် တုန့်ပြန်မှု မျိုးစုံရှိ

  • 23 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko

ယူကရိန်း နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ယူလီယာ တီမိုရှန်းကိုး ဟာ နှစ်နှစ်ကြာ အကျဉ်းထောင် မှာ ထိန်းသိမ်း ခံခဲ့ရပြီးတဲ့ နောက် ပါလီမန်ရဲ့ အမိန့်ဒီကရီနဲ့ ပြန်လွတ် လာပါပြီ။

သူပြန်လွတ် လာတာတဲ့ ပတ်သက်လို့ တုန့်ပြန်မှုတွေ အမျိုးမျိုး ရှိခဲ့ပြီး ကီးယက်ဗ်မြို့က လွတ်လပ်ရေး ရင်ပြင်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို တီမိုရှန်းကိုး က ဘီးတပ် ကုလားထိုင် ပေါ် ကနေ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လူထု အုံကြွမှု အတွင်း ပါ၀င်လှုပ်ရှားခဲ့တဲ့ ဆန္ဒပြသမားတွေ လောက်တောင် နိုင်ငံရေးသမားတွေက အားထုတ်မှုမရှိ အသုံးမကျကြဘူး လို့ သူက ပြောပါတယ်။

ဒါပေမယ့် မစ္စတီမိုရှန်းကိုး မိန့်ခွန်းပြောတဲ့အခါ လူအများအပြား က ဆန္ဒပြ ရင်ပြင်ကနေ ထွက်ခွာ သွားကြပြီး သူဟာ အတိုက်အခံတွေကို ကိုယ်စားမပြုဘူးလို့ အော်ဟစ်ခဲ့ကြကြောင်း ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

ဒါ့အပြင် သူ့ကို နောက်တက်မယ့် သမ္မတ အဖြစ် မတွေ့လိုကြဘူးလို့လည်း လူအများအပြား က ဆိုပါတယ်။

ယူကရိန်းသမ္မတ ဗစ်တာ ရာနူကိုဗစ်ချ် ကတော့ ကီးယက်ဗ်မြို့က ထွက်ခွာသွားပြီး နိုင်ငံအရှေ့ပိုင်း မှာ ရောက်နေတယ်လို့ ယူဆရပါတယ်။

အစောပိုင်းတုန်း က ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်ပြီး သူ့ကို ရာထူးက ဖယ်ရှားလိုက်ပေမယ့် ဒါကို သူက လိုက်နာမှု မရှိဘဲ သူ့ကို ဆန့်ကျင်လုပ်ဆောင်မှုတွေ ဟာ အာဏာသိမ်းတဲ့ လုပ်ရပ်ဘဲလို့ မစ္စတာ ရာနူကိုဗစ်ချ်က ဟာကိဗ်မြို့က ရုပ်မြင်သံကြားလိုင်း တခုကနေ မိန့်ခွန်း ပြောခဲ့ပါတယ်။

နိုင်ငံအရှေ့ပိုင်းက ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ ဟာကိဗ်မြို့မှာ အစည်းအဝေး လုပ်နေ ကြပြီး ရုရှားထိပ်တန်း အရာရှိတွေ ဒီအစည်းအဝေးမှာ တက်ရောက် နေကြပါတယ်။

ဒါ့အပြင် ကီးယက်ဗ်မြို့က ထိန်းချုပ်မှုတွေ ကိုလည်း အသိအမှတ်မပြုဖို့ ဆွေးနွေး နေကြောင်းလဲ သိရပါတယ်။

ဒီအချက်ဟာ ယူကရိန်း နိုင်ငံ ကွဲသွားစေနိုင်သလို အကြမ်းဖက်မှုတွေ ထပ် ဖြစ်လာနိုင်တယ်လို့ ဟာကိဗ်မြို့က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ