ယူကရိန်းမှာအစိုးရသစ်ဖွဲ့ဖို့ပြင်

  • 23 ဖေဖော်ဝါရီ 2014
Parliament ဓာတ်ပုံ မူပိုင်
Image caption ပါလီမန်မှာ နိုင်ငံအနာဂတ် အတွက် ဆွေးနွေး

ယူကရိန်း နိုင်ငံမှာ သမ္မတ ဗစ်တာ ယာနူ ကိုဗစ်ချ် ကို ဖြုတ်ချဖို့ မဲခွဲ ဆုံးဖြတ်ခဲ့ပြီး နောက်တနေ့မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အနာဂတ်နဲ့ ပတ်သက် ပြီး ပါလီမန် မှာ ဆွေးနွေး နေပါတယ်။

ပါလီမန် ဥက္ကဌ အိုလက်ဇန်ဒါ တာချီနော့ဗ် ကို ယာယီ အစိုးရ သမ္မတ အဖြစ် ခန့်အပ်ဖို့ လွှတ်တော် အမတ်တွေက မဲပေး ဆုံးဖြတ် ခဲ့ပါတယ်။

သူက အင်္ဂါနေ့မှာ နောက်ဆုံး ထားပြီး အမျိုးသား ညီညွတ်ရေး အစိုးရ တစ်ရပ် ဖွဲ့စည်း နိုင်ရေး အတွက် သဘောတူ ကြဖို့ သူက တိုက်တွန်း ခဲ့ပါတယ်။

ပြည်သူတွေ ယုံကြည် ကိုးစားတဲ့ အစိုးရ တရပ် ဖွဲ့ဖို့ အတွက် ဆွေးနွေး ကြဖို့ မတူညီတဲ့ အုပ်စုတွေရဲ့ ခေါင်းဆောင် တွေနဲ့ အမတ် တွေကို ညွှန်ကြား ထားကြောင်းနဲ့ ရလဒ်ကို အင်္ဂါနေ့မှာ တင်ပြရမှာ ဖြစ်ကြောင်း ယာယီ သမ္မတ ဖြစ်လာတဲ့ အိုလက် ဇန်ဒါ တာချီနော့ က ပြောခဲ့ပါတယ်။

ဆိုးရွားတဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့သူ အဆင့်မြင့် အရာရှိ တွေကို ဖမ်းဝရမ်း ထုတ်ဖို့ လည်း သူက ပါလီမန်ကို တိုက်တွန်း ခဲ့ပါတယ်။

သမ္မတ ယာနူကိုဗစ်ချ် ထွက်ပြေး မသွားခင်မှာ ဆန္ဒပြသူ တွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အကြား ရက်ပေါင်း များစွာ ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှု တွေကြောင့် ကိဗ်မြို့မှာ လူပေါင်း ၈၀ ကျော် သေဆုံး ခဲ့ရ ပါတယ်။