အာဖဂန်က ကန်တပ်တွေ အားလုံး ဒီနှစ်ကုန် ရုပ်သိမ်းမယ်

  • 26 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အာဖဂန် သမ္မတ ကာဇိုင်းနဲ့ ကန်သမ္မတ အိုဘားမား

အမေရိကန်ကာကွယ်ရေးဌာန ပင်တဂွန် အနေနဲ့ အာဖဂန်နစ္စတန် က တပ်တွေ ကို ဒီနှစ်ကုန် မှာ အားလုံးကို ရုပ်သိမ်းရေး အစီအစဉ်တွေ အသင့်ပြင်ထားဖို့ သမ္မတ အိုဘားမားက မှာကြားလိုက်ပါတယ်။

အထူးသဖြင့် အာဖဂန်နစ္စတန် သမ္မတ ဟာမစ်ကာဇိုင်း ဖက်က နှစ်နိုင်ငံ လုံခြုံရေး ဆိုင်ရာ သဘောတူ လက်မှတ် ရေးထိုးခြင်း မရှိခဲ့ရင်၊ တပ်ရုပ်သိမ်းရေး ကို အကောင်အထည် ဖေါ်ဖို့ ဖြစ်ပါတယ်။

ဒီအကြောင်း သမ္မတ ကာဇိုင်းကို သမ္မတ အိုဘားမား က တယ်လီဖုန်းဆက် ပြောလိုက်ပြီလည်း ဖြစ်ပါတယ်။

ဒီသဘောတူညီမှု လက်မှတ် ရေးထိုးခြင်းကို သမ္မတ ကာဇိုင်းဘက် က ငြင်းဆန်နေတဲ့ အတွက် အမေရိကန် ဘက်ကလည်း သူလုပ်စရာ ရှိတာကို လုပ်တော့မယ် ဆိုတဲ့ အကြောင်း သမ္မတ အိုဘားမား က သတင်းစကား ပါးလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ဖက်က သဘောတူ လက်မှတ် ထိုးမှု အခွင့်အရေး ကို ဖွင့်ပေးထားပြီး သဘောတူပြီဆိုတာနဲ့ ၂၀၁၄ နှစ်လွန် ပိုင်းမှာ အမေရိကန် တပ်တချို့ ချန်ထားခဲ့မှာပါ လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနီ က သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။

သမ္မတ ကာဇိုင်း ဖက်က ဒီသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ငြင်းဆန်နေခြင်းဟာ အမေရိကန် ကို ကသိကအောက် ဖြစ်စေပါတယ်။

တကယ်တော့ အာဖဂန် လူမျိုးစု ခေါင်ဆောင်ပိုင်း က နေတိုးရဲ့ ကမ်းလှမ်းမှု ဖြစ်တဲ့ အနာဂတ်မှာ အက်ဖဂန်တပ်တွေ ကို လေ့ကျင့် စစ်သင်တန်း ပေးရေး၊ တာလီဘန် လက်နက်ကိုင်တွေ ကို ဝိုင်းကူ နှိမ်နင်းပေးရေး စတာတွေ ကို သဘောတူ လက်ခံပြီးသား ဖြစ်ပါတယ်။

နောက်ပြီး အမေရိကန် တပ်တွေ ကို အကာအကွယ်ပေးရေးလဲ ပါဝင်ကြောင်း သိရပါတယ်။

လက်ရှိ အနေအထား အရတော့ သမ္မတ ကာဇိုင်းဟာ လာမဲ့ ဧပြီလ ရွေးကောက်ပွဲ အပြီး ရာထူးက ထွက်မဲ့ အချိန် အတောအတွင်းမှာ လက်မှတ်ရေးထိုးမဲ့ အရိပ်အယောင် မပြတော့တဲ့ အတွက် အမေရိကန် တပ်တွေ အပြီးရုပ်သိမ်းရေး ဟာ သေချာသလောက် ဖြစ်နေတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် တယောက်ကပြောပါတယ်။