ယူကရိန်း ၂ ပိုင်းကွဲမယ့် အန္တရာယ် ရှိနေဟု ဆို

  • 25 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း ကြားဖြတ်အစိုးရ အကြီးအကဲ Olexander Turchynov

ယူကရိန်းနိုင်ငံမှာ သမ္မတ ဗစ်တာ ယာနူကိုဗစ်ချ် ပြုတ်ကျသွားခဲ့အပြီး နိုင်ငံ နှစ်ပိုင်း ကွဲမယ့် အန္တရာယ်မျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိကြောင်း ယူကရိန်း ကြားဖြတ်အစိုးရ အဖွဲ့သစ် အကြီးအကဲ အိုလက်ဇန်းဒါး တူချင်နော့ဗ် က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒေသတချို့မှာ ခွဲထွက်ရေး လှုပ်ရှားမယ့် အန္တရာယ် ရှိနေတာကြောင့် ပါလီမန်ရဲ့ ခွင့်ပြုချက်နဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးတစ်ခု အမြန်ဆုံး ခေါ်ယူဖို့ လိုအပ်နေတယ်လို့ ကြားဖြတ် အစိုးရအဖွဲ့သစ် အကြီးအကဲ အိုလက်ဇန်းဒါး တူချင်နော့ဗ်က ပြောသွားပါတယ်။

သမ္မတ ယာနူကိုဗစ်ချ်ကို ဖြုတ်ချလိုက်တာနဲ့ ပတ်သက်လို့ ရုရှား စကားပြောတဲ့ ဒေသတွေက လူအတော်များများ အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။

ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မှုနဲ့ ဗစ်တာ ယာနူကိုဗစ်ချ်ကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး ပို့ဖို့ ယူကရိန်း ပါလီမန်က မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကိယက်ဗ် မြို့တော်မှာ ရောက်ရှိနေတဲ့ EU ဥရောပ သမဂ္ဂ နိုင်ငံခြားရေးရာ ပေါ်လစီ အကြီးအကဲ Catherine Ashton က အခု အသစ်ဖွဲ့စည်းမယ့် ညွန့်ပေါင်း အစိုးရ အဖွဲ့သစ်ထဲမှာ ဗစ်တာ ယာနူကိုဗစ်ချ်ရဲ့ ပါတီကိုလည်း ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ယူကရိန်း နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ရုရှားအစိုးရက ဝင်ရောက် စွက်ဖက်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ