ယူကရိန်း ကြားဖြတ်အစိုးရအတွက် လျာထားသူတွေ လူထုနဲ့ပေးတွေ့

  • 27 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် .
Image caption လူထု မကြိုက်တဲ့ နည်းတွေကို အစိုးရသစ် ကျင့်သုံးရဖို့ ရှိတယ်လို့ ယက်ဆန်ယုခ် ပြော

ယူကရိန်းနိုင်ငံ ကြားဖြတ် အစိုးရ အဖွဲ့သစ်ထဲမှာ ပါကောင်း ပါနိုင်တဲ့ ဝန်ကြီးလောင်းတွေကို ကိယက်ဗ် မြို့တော် လွတ်လပ်ရေး ရင်ပြင်မှာ ဗုဒ္ဓဟူးနေ့တုန်းက လူအုပ်ကြီးနဲ့ တွေ့ဆုံ မိတ်ဆက်ပေးခဲ့ပါတယ်။

အဲဒီထဲမှာ သမ္မတ ယာနူကိုဗစ် ပြုတ်ကျသွားစေခဲ့တဲ့ ဆန္ဒပြမှုတွေ အတွင်း ဖမ်းဆီး နှိပ်စက် ညှင်းပန်း ခံခဲ့ရသူ ဆန္ဒပြ ခေါင်းဆောင် တဦးလည်း ပါဝင်ပါတယ်။

ပွင့်လင်း မြင်သာတဲ့ အစိုးရ အဖွဲ့သစ်တခု ဖွဲ့စည်းထူထောင်မယ်လို့ သူတို့က ကတိပြုပြောသွားခဲ့ပြီး မေလ တရားဝင် ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အချိန်အထိပဲ ယူကရိန်းနိုင်ငံကို ကြားဖြတ်အစိုးရအဖွဲ့သစ်က အုပ်ချုပ်သွားမယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ သေချာနေတဲ့ အာဆဲန်နီ ယက်ဆဲန်ယုခ် ကတော့ ယူကရိန်းနိုင်ငံဟာ ချောက်ထဲ ကျလုဆဲဆဲ အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။

အရင် အစိုးရ လက်ထက်တုန်းက အကြီးအကျယ် အဂတိ လိုက်စားခဲ့တဲ့အတွက် ယူကရိန်းနိုင်ငံဟာ စီးပွားရေး အကျဉ်းအကျပ်ထဲ ရောက်နေရပြီမို့ လူထု မကြိုက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို အစိုးရ အဖွဲ့သစ်အနေနဲ့ ကျင့်သုံးဆောင်ရွက်ဖို့ လိုလာလိမ့်မယ်လို့ ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းတခုမှာ မစ္စတာ ယက်ဆဲန်ယုခ်က ပြောသွားပါတယ်။

ဒီအစိုးရသစ်ဟာ လူထုကြား ရေပန်းမစားတဲ့ အစိုးရအဖွဲ့၊ လူထုရဲ့ ထောက်ခံ အားပေးမှုကို လက်လွှတ် ဆုံးရှုံးရမယ့် အစိုးရအဖွဲ့ ဖြစ်လာဖို့ ရှိတယ်လို့ အာဆဲန်နီ ယက်ဆဲန်ယုခ် က ပြောသွားပါတယ်။

တခါ ရုရှားအစိုးရနဲ့ ဆက်ဆံရေးသစ်တခု ထူထောင်ဖို့ကိုလည်း မစ္စတာ ယက်ဆဲန်ယုခ် က ပန်ကြားလိုက်ပါတယ်။

အခုခေါင်းဆောင်ပိုင်းသစ်ဟာ လက်နက်ကိုင်ပြီး အာဏာလုခဲ့တာ ဆိုပြီး ရုရှားအစိုးရက စွပ်စွဲပြောဆိုနေတာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းနဲ့ ကပ်ရက် ရုရှားနိုင်ငံ အနောက်ပိုင်း နယ်စပ်ဒေသ တလျှောက်မှာ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဖို့ ရုတ်တရက် ညွှန်ကြားလိုက်ပါတယ်။

တပ်ဖွဲ့ဝင် တသိန်း ငါးသောင်းကို အသင့်အနေအထား ချထားတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ဒေသမှာ အခြေစိုက်တဲ့ Black Sea ရုရှား ရေတပ် သင်္ဘောအုပ်စုရဲ့ လုံခြုံရေး စိတ်ချဖို့ကိုလည်း ဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဒေသတွင်းက မဆိုင်သူတွေ အနေနဲ့ ယူကရိန်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို လေးစားလိုက်နာဖို့၊ ရန်လိုမုန်းတီး ရန်စမှုတွေကို အဆုံးသတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။