ခရိုင်းမီးယား လေဆိပ် လက်နက်ကိုင်တွေ ထိန်းချုပ်

  • 28 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အမျိုးအမည်မသိ လက်နက်ကိုင်တွေ ထိန်းချုပ်ထား

ယူကရိန်း နိုင်ငံ ခရိုင်းမီးယား ပြည်နယ်မှာ အမည်မသိ လက်နက်ကိုင်တွေက လေဆိပ် နှစ်ခုကို သိမ်းထားတာကြောင့် တင်းမာမှုတွေ တိုးပွားနေပါတယ်။

ခရိုင်းမီးယား ပြည်နယ် ဆဗက်စတိုပို မြို့က လေဆိပ်နားကို ရုရှားနိုင်ငံ ပင်လယ်နက် ရေတပ် သင်္ဘောအုပ်စု က ဝိုင်းထားတယ်လို့ ဖော်ပြ ပြောဆိုပြီးတဲ့နောက် ဒါဟာ ရုရှားက လက်နက်ကိုင် ကျူးကျော်တာလို့ ယူကရိန်းက စွပ်စွဲလိုက်ပါတယ်။

ဘယ်အဖွဲ့ကမှန်း မသိတဲ့ ယူနီဖောင်းဝတ် သေနတ်သမားတွေဟာ လမ်းမတွေပေါ်မှာ ကင်းလှည့်နေပါတယ်။ သူတို့ ဘယ်သူတွေ ဖြစ်တယ်၊ ဘယ်သူ့ အမိန့်ကို နာခံနေတယ် ဆိုတာ ဘီဘီစီကို ပြောဖို့လည်း သူတို့က ငြင်းဆိုပါတယ်။

ည ၁၀ နာရီလောက် ထရပ်ကားကြီးတွေက ဖြတ်သွားပြီး ချက်ချင်းကိုပဲ နေရာ တခုလုံးကို ထိန်းချုပ်လိုက်တယ်၊ လက်နက်ကိုင်တွေက အထဲက ခုန်ထွက်လာကြတယ် ဘယ်သူတွေမှန်းတော့ မသိဘူးလို့ ဆဗက်စတိုပို မြို့ခံ တစ်ယောက်က ရုရှား ဘာသာနဲ့ ပြောပါတယ်။

ဘီဘီစီ သတင်းထောက်ကတော့ ရုရှား စစ်တပ် နံပါတ်ပြားတွေ တပ်ထားတဲ့ စစ်ကား ၈ စီးက ဒေသဆိုင်ရာ မြို့တော် ဆင်ဖာရိုပိုကို သွားနေတာ တွေ့ခဲ့ ရတယ်လို့ ပြောပါတယ်။

ရုရှားကို ထောက်ခံတဲ့ လက်နက်ကိုင်တွေက အဲဒီ မြို့တော် ဆင်ဖာရိုပိုကိုက လေဆိပ် တစ်စိတ် တပိုင်းကိုလည်း သိမ်းထားတယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ