ယူကရိန်း အရေး ရုရှကို အိုဘားမား သတိပေး

  • 1 မတ် 2014
Obama
ယူကရိန်း အရေး စိုးရိမ်ကြောင်း အိုဘားမား ဆို

ရုရှားဟာ ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် စွက်ဖက်မယ် ဆိုရင် ထိခိုက် နစ်နာ ဆုံးရှုံးမှု တွေနဲ့ ကြုံရ လိမ့်မယ်လို့ အမေရိကန် သမ္မတ အိုဘားမားက သတိပေး လိုက်ပါတယ်။

ရုရှား တပ်တွေ ယူကရိန်း နယ်မြေထဲ ဝင်ရောက် လာတယ် ဆိုတဲ့ သတင်းတွေ အပေါ် အလွန်အမင်း စိုးရိမ် မိတယ်လို့ မစ္စတာ အိုဘားမားက အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

ယူကရိန်းရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ ထဲကို ချိုးဖောက် ဝင်ရောက် တာဟာ အကြီးအကျယ် မတည်မငြိမ် ဖြစ်စေတယ်လို့ သူက ပြောပါတယ်။

ယူကရိန်း ပြည်သူ တွေဟာ သူတို့ အနာဂတ်ကို သူတို့ဖာသာ ရွေးချယ်ခွင့် ရသင့်တယ် ဆိုတာ ပါဘဲလို့ မစ္စတာ အိုဘားမားက ဆိုသွား တာပါ။

ယူကရိန်း အစိုးရက ထိန်းထိန်း သိမ်းသိမ်း ရှိတဲ့ အတွက်လည်း သမ္မတ အိုဘားမားက ချီးကျူးစကား ပြောကြား ခဲ့ပါတယ်။

ယူကရိန်း ယာယီအစိုးရ သမ္မတ အိုလက်ဇန်ဒါ တိုချီနော့ဗ်ကတော့ ရုရှ ဟာစစ်ဖြစ် အောင်တမင် လုပ်နေတာ လို့ ပြောပါတယ်။

ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာလည်း တံခါးပိတ် ဆွေးနွေးပွဲ တရပ် ကျင်းပနေပါတယ်။