ယူကရိန်းတပ်ဖွဲ့တွေ အပြည့်အဝ တပ်လှန့်ထား

  • 2 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ယူကရိန်းက ရုရှားတပ်တွေ အခြေအနေ

ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့တွေကို အပြည့်အဝ အသင့်ပြင် တပ်လှန့်ထားဖို့ ယာယီ သမ္မတ Olexander Turchynov က အမိန့်ထုတ် လိုက်ပါတယ်။

ရုရှား အထက်လွှတ်တော်က ယူကရိန်းမှာ လိုအပ်ရင် ရုရှားတပ်တွေ ချထားဖို့ သမ္မတ ပူတင်ကို ခွင့်ပြုချက်ပေးခဲ့ပြီးတဲ့နောက် မစ္စတာ တော်ချီနော့ဗ် ရဲ့ ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

ယူကရိန်း အစိုးရ အနေနဲ့ သူတို့ နိုင်ငံထဲကို ရုရှား တပ်တွေ ဝင်မလာစေချင်ဘူး အဲလို ဖြစ်လာရင် ဒါဟာ စစ်ပွဲ တရပ်လို့ မှတ်ယူမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် အာဆင်နီ ရက်ဆင်ယူ့ခ် က ပြောပါတယ်။

မစ္စတာ ပူတင်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့ ဒီအရေးကိစ္စကို ဖုန်းပေါ်က ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ယူကရိန်း အရှေ့ပိုင်းနဲ့ ခရိုင်းမီးယားမှာ အကြမ်းဖက်မှုတွေ ပြန့်နှံ့လာရင် ရုရှားဟာ သူတို့ အကျိုးစီးပွားကို ကာကွယ်ပိုင်ခွင့် ရှိတယ်လို့ ပူတင်က ပြောကြောင်း သတင်းရရှိပါတယ်။

ယူကရိန်း အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အရေးပေါ် အစည်းအဝေး ထပ်မံ ပြုလုပ်နေပါတယ်။

ဒါဟာ ၂၄ နာရီအတွင်း ဒုတိယအကြိမ် လုပ်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။

ကုလသမဂ္ဂ နဲ့ OSCE ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က နိုင်ငံတကာ လေ့လာရေး အရာရှိတွေ ယူကရိန်းကို စေလွှတ်ပြီး အခြေအနေကို စုံစမ်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ အမေရိကန်က ပန်ကြားလိုက်ပါတယ်။

ယူကရိန်းမှာ ရုရှားတပ်တွေ ချထားဖို့ ရုရှား ပါလီမန်က မနေ့ စနေ့နေ့ အစောပိုင်းတုန်းက အတည်ပြုချက်ပေးခဲ့ပြီးတဲ့နောက် ဒီကိစ္စကို လုံခြုံရေး ကောင်စီမှာ ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာက လေ့လာရေး အရာရှိတွေဟာ ရုရှားစစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာတဲ့ အချက်အလက်တွေ တင်ပြဖို့ လိုအပ်တယ်လို့ ကုသလမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆမန်သာ ပါဝါ က အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ရုရှား သံအမတ်ကြီး ဗစ်တယ်လီ ချက်ကင် ကလည်း သူတို့ တပ်တွေ ယူကရိန်းနယ်မြေမှာ ချထားကောင်း ချထားနိုင်ပေမယ့် ဒါဟာ ယူကရိန်းကို ဆန့်ကျင်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

လန်ဒန်မှာတော့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ် က ရုရှား သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဖြစ်ပျက်မှုတွေ အပေါ် စိုးရိမ်ကြောင်း နဲ့ ယူကရိန်းမှာ ရုရှားက လုပ်နေတာတွေဟာ တိုင်းပြည်တခုရဲ့ အချုပ်အချာ အာဏာပို အကြီးကျယ် ခြိမ်းခြောက်နေတာဘဲလို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရုန်း ဖဲဗျူးစ် ကလည်း ယူကရိန်း နယ်မြေကို ထိပါးပြီး တင်းမာမှုတွေ ကြီးထွားလာနိုင်မယ့် လုပ်ရပ်တွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် လုပ်ဆောင်ကြဖို့ အားလုံးကို တိုက်တွန်းကြောင်း အစောပိုင်းတုန်းက ဆိုခဲ့ပါတယ်။