ယူကရိန်းရေတပ် အကြီးအကဲ ဘက်ပြောင်း သစ္စာခံ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘက်ပြောင်းသွားတဲ့ ယူကရိန်း ရေတပ် အကြီးအကဲ Denis Berezovsky

ယူကရိန်းက ယာယီ အစိုးရ ခေါင်းဆောင်တွေကို အားပေးထောက်ခံမှု ပြတဲ့ အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ လာမယ့် အင်္ဂါနေ့မှာ ကီးယက်ဗ် မြို့ကို ရောက်လာမှာ ဖြစ်ပါတယ်။

ခရိုင်းမီးယား ဒေသကို ရုရှားက စစ်ရေးအရ ဝင်ရောက်တာဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်ရတဲ့ ကျူးကျော်မှု တရပ်ဘဲလို့ သူက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ ယူကရိန်း အရေးနဲ့ ပတ်သက်လို့ ဗြိတိန်နဲ့ ဂျာမနီက ခေါင်းဆောင်တွေကို ဖုန်းပေါ်က ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်ဟာ ရုရှား သမ္မတ ပူတင်နဲ့ ဆွေးနွေးခဲ့ပြီး ယူကရိန်းနဲ့ ရုရှားကြား ဆက်ဆံရေး အတွက် အဖွဲ့တဖွဲ့ ထားရှိကာ ဆက်သွယ်ဆောင်ရွက်ပေးဖို့ နှစ်ဖက် သဘောတူချက်ရခဲ့တယ်လို့ ပြောပါတယ်။

နေတိုး တပ်ဖွဲ့တွေကတော့ ယူကရိန်းက ရုရှားတပ်တွေ သူတို့စခန်းကို ပြန်ရုပ်သိမ်းသွားပြီး အဲဒီမှာ နိုင်ငံတကာက လေ့လာရေးမှူးတွေကို ချထားဖို့ ပန်ကြားထားပါတယ်။

တချိန်တည်းမှာ ယူကရိန်း ရေတပ် အကြီးအကဲ Denis Berezovsky ဟာ ရုရှားဖက်ယိမ်းတဲ့ ခရိုင်းမီးယား အုပ်ချုပ်ရေးအဖွဲ့သစ် ဆီမှာ သစ္စာခံကြောင်း ကတိပေးခဲ့ပြီးတဲ့နောက် သူ့ကို ယူကရိန်း အစိုးရက လက်ရှိ ရာထူးက ဖယ်ရှား လိုက်ပါတယ်။

ကီးယက်ဗ် မြို့မှာ ရှိတဲ့ ယူကရိန်း အစိုးရ အဖွဲ့က သူ့ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စုံစမ်း အရေးယူဖို့ စီစဉ်နေပါတယ်။

အခုလို သူ့ရဲ့ ပုန်ကန်မှု ပေါ်ပေါက်လာတာဟာ ခရိုင်းမီးယားမှာ ရုရှား စစ်တပ်တွေ ဆက်လက်နေရာယူထားလိမ့်မယ် ဆိုတဲ့ အချက်ကို ပိုပြီး ခိုင်မာလာစေခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်း နယ်မြေထဲ တပ်တွေ ဝင်ရောက် နေရာယူထားဖို့ အမိန့်ပေးတာဟာ စစ်ကြေညာတာဘဲလို့ ယူကရိန်း ယာယီ အစိုးရ အဖွဲ့က အစောပိုင်းတုန်းက စွပ်စွဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှား အစိုးရကတော့ ဒီလိုလုပ်ရတာဟာ အစွန်းရောက်ပြီး တရားဝင်မှု မရှိတဲ့ ယူကရိန်းက အစိုးရ အဖွဲ့သစ်ရဲ့ လက်က ရုရှားတွေကို အကာအကွယ်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ